စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ အင်ကြင်းလှရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၇ နာရီကျော်က ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လာကောက်တဲ့ စစ်ကောင်စီ ရှေ့ပြေးအဖွဲ့ မိုင်းထောင်ဖောက်ခွဲခံရလို့ ဆက်မကောက်တော့ဘဲ ပြန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ အင်ကြင်းလှရပ်ကွက်ဟာ အရာတော်မြို့နဲ့ ချောင်းတခုခြားပြီး ကျေးရွာတခုဖြစ်ကာ မြို့နယ်စည်ပင်သာယာရဲ့ လူဦးရေလိုအပ်ချက်အရ ရပ်ကွက်အဖြစ် တိုးချဲ့ထားတဲ့ကျေးရွာ ဖြစ်ပါတယ်။
အင်ကြင်းလှရပ်ကွက်နေ ပြည်သူတဦးက “သူတို့က မဲစာရင်းအတွက် လူဦးရေစာရင်း လာကောက်တဲ့အဖွဲ့ကို လုံခြုံရေးပေးတဲ့ စစ်ကောင်စီတွေပါဗျ။ အသေအပျောက်ကတော့ အတိအကျ မသိရဘူး။ သူတို့ကို မိုင်းခွဲခံရလို့ လမ်းပေါ်မှာသွားနေတဲ့ လူငယ်တဦးတော့ ရိုက်နှက်ပြီး အရာတော်မြို့ပေါ်ကို ဖမ်းသွားတယ်ဗျ။ အဖမ်းခံရတဲ့သူကလည်း သူမဟုတ်ဘူးလို့ အော်ပြီးပြောတာကို မရဘူး။ အတင်းအကျပ်ကို ဖမ်းခေါ်သွားတယ်။ မဲစာရင်းကတော့ ဝန်ထမ်းပေါင်းစုံ ပါမယ်ထင်တယ်။ သူတို့တွေက ယူနီဖောင်းပါသူတွေက ပါတယ်၊ မပါတဲ့သူတွေလည်း ပါတယ်ဆိုတော့ အင်အားက အတိအကျ မသိနိုင်ဘူး။ ကျနော့်မျက်မြင်ကတော့ ၁၀ ဦးလောက်တော့ရှိမယ်။ မိုင်းကွဲပြီး ထပ်မကောက်တော့ဘဲ ပြန်သွားကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေသလို တခြား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေ ဆန့်ကျင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။