Home
ဆောင်းပါး
ရန်သူနဲ့ လက်ဆွဲနှုတ်မဆက်သူ (သို့) ရန်ကြီးအောင် စိန်ဝင်း
မောင်တူး
·
January 10, 2023

သံမဏိ တဲ့၊ ခွပ်ဒေါင်းရဲ့ ဂုဏ်

မငဲ့ အသက်၊ ပြည်သူ့တွက်သာ

မဖက်ကိုယ်ကျိုး၊ စွန့်လွှတ်စွန့်စား

ပါးကွက်သား၏၊ မုန်းထားနှိပ်စက်

တသက်မဖြုံ၊ ကျောက်သားပုံဆောင်

ရန်ကြီးအောင် စိန်ဝင်း၊ ကွယ်လွန်ခြင်းနှစ်

သုံးဆယ့်နှစ် တိုင်၊ မမေ့နိုင်ကြပါလေပြီတကား။  ။

၈ ဇန်နဝါရီ ၁၉၉၁ အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့ ဆရာ ရန်ကြီးအောင်စိန်ဝင်း (သုံးခွ) သို့ အမှတ်တရ

မမေ့ထိုက်ပေရဲရဲနီတွေ

“သေသောသူ ကြာရင်မေ့” စကားရှိပါတယ်။ မှန်ပါတယ်။ ရာခိုင်နှုန်းပြည့်တော့ မမှန်ပါ။ ကျနော်တို့ သိမီလိုက်တဲ့ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း ကျဆုံး ကွယ်လွန် ဆုံးပါးခဲ့ကြတဲ့ နိုင်ငံရေးသမားကြီးတွေ ရှိခဲ့ပါတယ်။ တချို့ဆို သူတို့ကွယ်လွန်ခြင်း နှစ်ပတ်လည်တွေဆို ပြည်သူတွေ မသိကြတော့ပါ။ သူတို့ဟာ ပြည်သူလူထုအတွက်မှ မလုပ်သွားကြတာကိုး။ တချို့ဆို ပြည်သူလူထုနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သစ္စာဖောက်သွားကြသူတွေလေ။ သူတို့ကွယ်လွန်ခြင်း ဘယ်နှနှစ်မြောက်ဆိုတာတွေ သတင်းစာတွေမှာ ထင်းနေအောင် ဖော်ပြကြပါတယ်။ ဒါပေမဲ့ စိတ်မဝင်စားကြ။ တချို့ကြတော့ သူတို့နဲ့ပြောင်းပြန်ပေါ့။ ကွယ်လွန်ခြင်း နှစ်ပတ်လည်ကို သတင်းစာမှာထည့်ခွင့် ပိတ်ပင်ခံထားရပေမဲ့ အများကတော့ မှတ်မိနေကြပါရဲ့။ ဒီအထဲမှာ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ ဟံသာဝတီဦးဝင်းတင်၊ NLD ဦးမောင်ကို၊ မောင်သော်က၊ နီအောင်မေသုနဲ့ ဦးခင်မောင်မြင့် စသဖြင့် စသဖြင့် များစွာ ရှိကြပါတယ်။ ဒီအထဲမှာ ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့သူတွေထဲက သတိတရ ရှိနေတာကတော့ ဇန်နဝါရီ ၂၂ ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာကြီး (ဦး)တင်မိုးပါ။ နောက် ဇန်နဝါရီ ၁၈ ရက် ကွယ်လွန်ခဲ့သူ NLD က ခရမ်းဦးတင်မောင်ဝင်းနဲ့ ဇန်နဝါရီလ ၈ ရက် ကျဆုံးခဲ့သူ ရန်ကြီးအောင် ဦးစိန်ဝင်း (သုံးခွ) တို့ ဖြစ်ကြပါတယ်။

ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်ခြင်း ၃၂ နှစ်မြောက်

“ဗိုလ်မှူးဘသော်ခေါ် မောင်သော်က၊ စာရေးဆရာ မောင်တင်ရွှေ၊ ဦးမောင်ကို၊ ခရမ်း ဦးတင်မောင်ဝင်း၊ ဦးစိုးဝင်း၊ ဦးညိုဝင်း၊ ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင် ဦးခင်မောင်မြင့်၊ ကျောင်းသားသမဂ္ဂခေါင်းဆောင် သုံးခွ ဦးစိန်ဝင်း စသောသူများမှာ စစ်ထောက်လှမ်းရေး၏ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်တွင်း လုံလောက်သော ဆေးဝါးကုသရေး ကင်းမဲ့မှုတို့ကြောင့် သေဆုံးသွားခဲ့ရသည်။”

ဒီစာပိုဒ်ဟာ စာရေးဆရာကြီး ထက်မြက်ရဲ့ ဧရာဝတီအွန်လိုင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးစာသား ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျောင်းသားသမဂ္ဂခေါင်းဆောင် သုံးခွ ဦးစိန်ဝင်း (ရန်ကြီးအောင်စိန်ဝင်း) ဟာ ဗိုလ်ချုပ်ခင်ညွန့် စစ်ထောက်လှမ်းရေးရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးတာတို့ကြောင့် သေဆုံးသွားခဲ့ရတာပါ။ ၁၉၉၈ ခုနှစ်ကုန်လောက်က အင်းစိန်ထောင်အတွင်း ပျံ့နှံ့နေတဲ့ ဝမ်းကိုက်ပိုးဟာ သူ့ကို ကူးစက်ခဲ့တာပါ။ ဝမ်းကိုက်ရောဂါဖြစ်တာကို ပိုးသတ်ဆေးမတိုက်ဘဲ ဝမ်းရပ်ဆေးသာ တိုက်တဲ့အတွက် ရောဂါပိုးတွေ ပျံ့နှံ့ပြီး ပိုဆိုးလာရတယ်။ ၁၉၉၁ ဇန်နဝါရီ ၂ ရက်မှာ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့တယ်။ ရန်ကြီးအောင်ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၈ ရက်က အင်းစိန်ထောင်ဆေးရုံမှာ ကျဆုံးသွားခဲ့ပါတယ်။ ၃၂ နှစ် ကြာခဲ့ပါပြီ။

ဦးစိန်ဝင်းအကြောင်း AAPP ရဲ့ ရှစ်စက္ကန့်ငြိမ်စာအုပ် ဖော်ပြချက်

ဦးစိန်ဝင်းကို ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ရန်ကြီးအောင်ရွာတွင် မွေးဖွားသည်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခံရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ် ရှိပြီဖြစ်သည်။ နိုင်ငံရေးနောက်ခံ။ ရန်ကုန်တိုင်း သုံးခွမြို့နယ် ရန်ကြီးအောင်ရွာသားဖြစ်သည့်အတွက် ရန်ကြီးအောင်ဟု ခေါ်ကြသည်။ ဦးစိန်ဝင်းသည် (၁၉၅၉-၆၀) ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ၏ အမှုဆောင်တဦးဖြစ်သည်။ နောက် ဒုဥက္ကဋ္ဌ ဖြစ်လာသည်။ သူသည် ဗကသ အမှုဆောင်တဦးလည်း ဖြစ်သည်။ ကျောင်းသားခေါင်းဆောင်ဘဝတွင် သူ၏ဦးဆောင်မှု၊ တိုက်ပွဲဝင်လှုပ်ရှားမှုများ အမြောက်အမြားရှိသည်။ တက်ကြွခြင်း၊ ရဲရင့်ခြင်း၊ ပြတ်သားခြင်းတို့ကြောင့် ကျောင်းသားများ၏ အားထားခြင်း ခံခဲ့ရသည်။ ၁၉၆၁ တွင် ပြုလုပ်သည့် နယ်ချဲ့ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပထစ အစိုးရ ပုလိပ်များ၏ တုတ်ရိုက်ချက် ခံခဲ့ရ၍ ခါးတွင်ထိခိုက်သည်။ ခါး မသန်စွမ်းသူဘဝ ရောက်ခဲ့ရသည်။

ရန်ကြီးအောင်စိန်ဝင်းသည် ၁၉၆၂ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ ခေါင်းဆောင်တဦးဖြစ်သည်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကာလတွင် ငြိမ်းချမ်းရေးတပ်သားတဦး ဖြစ်ခဲ့သည်။ ဆွေးနွေးပွဲပျက်ပြီးနောက် မဆလအစိုးရ၏ ဖမ်းဆီးခံခဲ့ရပြီး ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရသည်။ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံ ဆန္ဒပြသပိတ် တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောက်တန်း ခရမ်း သုံးခွ ၃ မြို့နယ် ပူးတွဲသပိတ်ကော်မတီအား ဦးဆောင်မှုပေးခဲ့သည်။ ဦးစိန်ဝင်းသည် ကျောင်းဆရာတဦးဖြစ်၍ သူ၏နယ်တွင် ဩဇာရှိပြီး လူချစ်လူခင်ပေါသူဖြစ်သည်။ ထို့ကြောင့် ၁၉၈၈ ခု ဒီမိုကရေစီ အရေးတော်ပုံကာလတွင် သပိတ်ခေါင်းဆောင်ဖြစ်ခဲ့သည်။ သပိတ်ကာလတွင် နယ်မြေလုံခြုံရေးအတွက် ဒေသခံ ရဲတပ်ဖွဲ့ဝင်များက သူ့ထံသို့ လက်နက်များ စုပုံအပ်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ထိုလက်နက်များနှင့် ပတ်သက်ပြီး ဦးစိန်ဝင်းအား ဖမ်းဆီး တရားစွဲဆိုခဲ့သည်။ သို့သော် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းအများအပြား ရွှေ့ဆိုင်းခဲ့သည်။ အင်းစိန်ထောင်တွင် ချုပ်နှောင်ခဲ့သည်။

သေဆုံးပုံ ။ ။ အင်းစိန်ထောင်တွင်း အစားအသောက် မသန့်ရှင်း ညံ့ဖျင်းမှု၊ ပတ်ဝန်းကျင် ညံ့ဖျင်းမှု၊ ရေမသန့်ခြင်းများကြောင့် ဦးစိန်ဝင်းသည် အူမကြီး အသည်းတို့တွင် ရောဂါများ ဖြစ်လာခဲ့သည်။ သို့သော်လည်း အာဏာပိုင်များက ဆေးကုသမပေးပါ။ နောက်ဆုံးတွင် အစာနဲ့ ရေတို့ စားသောက်နိုင်ခြင်း မရှိတော့ပေ။ ထိုသို့ ရောဂါကျွမ်းသည့် အခြေအနေရောက်မှ အာဏာပိုင်တို့က ဆေးကုသပေးရန် သဘောတူခဲ့သည်။

ဦးစိန်ဝင်းရဲ့ ရန်သူအပေါ် ပြတ်သားပုံ မှတ်ချက်

၁၉၇၂ ခုနှစ် ဦးနေဝင်း၏ မဆလအစိုးရလက်ထက် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသည့် အခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် အာဏာပိုင်များက အကျဉ်းသားများကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဦးစိန်ဝင်းသည် လက်ကို နောက်ပစ်ထားလိုက်ပြီးနောက် “ကျုပ် ရန်သူနဲ့ ဘယ်တော့မှလက်မဆွဲဘူး” ဟု ပြောဆို ငြင်းပယ်ခဲ့သည်။

ရှစ်စက္ကန့်ငြိမ်စာအုပ်ပါ ဦးစိန်ဝင်းအတွက်ကဗျာ

“သစ္စာစကား”

အို ...

သူငယ်ချင်းများ ...

မိတ်ဆွေများ ...

ရဲဘော်များ ...

ငါ ...ပန်းပွင့်နှလုံးသား ...

ပြုံးထားမျက်နှာ

နှုတ်လွှာချိုမြ

စမ်းလပမာနှယ်

ကြင်နာနုသက်

ကြာမုံလက်နှင့်

နှုတ်ဆက်ပါသည် ... ထာဝရ။

ဟေ့ ...

အဓမ္မသမား

ဝံပုလွေများ ...

သင်တို့အတွက်

ကျောက်သားမျက်နှာ

အသဲမှာသံမဏိ

အမုန်းပန်းအတိပြည့်

ထိကြည့်စမ်း ... မီးလိုနေလို

ဆိုမည် ... သစ္စာ

မကြိုငါ့လက် ... နှုတ်မဆက်ဘူး ထာဝရ။ ။ (ညံဇံ)

(၈. ၁. ၁၉၉၁ အင်းစိန်ဆေးရုံမှာကွယ်လွန်သူ ကိုစိန်ဝင်း(သုံးခွ) အတွက် အမှတ်တရ)

ကျနော့်ကိုယ်တွေ့ ရန်ကြီးအောင်ရဲ့ စစ်အာဏာရှင်တွေအပေါ် ပြတ်သားမှု

၁၉၇၂ ခုနှစ်က ထောင်ထဲမှာ ရန်ကြီးအောင်စိန်ဝင်းက ထောင်အာဏာပိုင်ကို လက်ဆွဲ မနှုတ်ဆက်ခဲ့တာကို သိခဲ့ကြပါပြီ။ အလားတူ ၁၉၈၇ ခုနှစ်မှာလည်း ဖြစ်ခဲ့ဖူးတယ်။ ဦးစိန်ဝင်းကို ကျနော်တို့က ဦးစိန်လို့ အခေါ်များကြပါတယ်။ သူက အင်္ဂလိပ်စာသင်ပေးတော့ ဆရာလို့လည်း ခေါ်တယ်။ သုံးခွမြို့  ၂ ရပ်ကွက် တပင်ရွှေထီးလမ်းမှာ သူနေတယ်။ ကျနော်နဲ့  ၂ ခြံကျော်ပေါ့။ သူက ၁၉၇၂ ကတည်းက ထောင်ကလွတ်ပေမဲ့ ထောက်လှမ်းရေးက စစ်စရာ၊ သတိပေးစရာရှိရင် သူ့ဆီကိုလာလေ့ရှိတယ်။ ခပ်ကြာကြာ တခါပေါ့လေ။ အဲ့ဒီတုန်းက ဘုန်းမော်အရေးအခင်းဖြစ်အပြီး အချိန်ပေါ့။ သူက အင်္ဂလိပ်စာ ကျနော်တို့ကိုသင်နေချိန် ဂျစ်ကားအနီလေး ဆိုက်လာတယ်။ တိုက်ပုံဝတ် လူ ၃ ယောက် တက်လာပြီး ဦးစိန်ဝင်းနဲ့ တွေ့ကြတယ်။ ကျနော်တို့ လှမ်းကြည့်နေကြတာပေါ့။ “ဆရာဦးစိန်ဝင်းခင်ဗျား။ ကျနော်က ထောက်လှမ်းရေးမှူး ဗိုလ်ကြီးမိုးအောင်ပါ။” ဆိုပြီး နှုတ်ဆက် (ရှိတ်ကင်း) လုပ်ဖို့ လက်ဝါးဖြန့်ပြီး ကမ်းပေးလာတယ်။ ဦးစိန်ကတော့ လက်နောက်ပစ် မြေဖြူခဲနဲ့ ဘောဖျက်အဝတ်ဖြူ ကိုင်ထားလျက်ပဲ။ “ကျုပ် ခင်ဗျားတို့လို သွေးစွန်းလက်တွေနဲ့ ဘယ်တော့မှ လက်မဆွဲဘူး။” လို့ ပြောလိုက်တယ်။ စစ်ထောက်လှမ်းရေးလည်း ကြောင်အမ်းအမ်းနဲ့ လက်ကို ပြန်ရုပ်သွားပါတယ်။ ရန်သူအပေါ် ပြတ်သားသူပါ။ ဟေ့ … အဓမ္မသမား ဝံပုလွေများ … သင်တို့အတွက် ကျောက်သားမျက်နှာ အသဲမှာသံမဏိ အမုန်းပန်းအတိပြည့် ထိကြည့်စမ်း ... မီးလိုနေလို ဆိုမည် ... သစ္စာ .... မကြိုငါ့လက် ... နှုတ်မဆက်ဘူး ထာဝရ။ ။ ဆိုတဲ့ (ညံဇံ) ရဲ့ ကဗျာအတိုင်းပါပဲ။

ဒီနေရာမှာ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ စာပေဟောပြောပွဲတခုမှာ ရွတ်သွားတာလေးကိုလည်း ပြန်သတိရတာပေါ့။

သေနတ်ကြီးလည်းရှိတယ်။

တပ်ကြီးလည်းရှိတယ်။

ဟေ့ သတ်နည်းလည်းသိတယ်။

အခုတော့ ဆုပ်ထားတဲ့လက်ကို ဖြည်လိုက်ပါပြီတဲ့။

ကမ်းလာတဲ့ သူ့လက်ကိုကြည့်လိုက်တော့

အလို သူ့လက်ဝါးမှာ ငါ့ပါးရာကြီးနဲ့ပါလား။  ။ 

ကိုလေး (အင်းဝဂုဏ်ရည်)

ရန်သူ့လက်ဝါးက သူ့ပါးရာကိုမြင်သူ

ရန်ကြီးအောင်စိန်ဝင်းဟာ သူ့ကို ကမ်းလာတဲ့လက်တွေက သူ့ပါးရာကို မြင်တတ်သူလို့ ပြောရမလားပါပဲ။ သူဟာ သေသည့်တိုင် ရန်သူကို ခါးခါးတူးတူး မုန်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်သွားခဲ့သူတယောက်၊ အင်းစိန်ထောင် စစ်ကြောရေး၊ စစ်ခွေးတိုက်တွေမှာ ရဲရဲတောက် ကြံ့ကြံ့ခံပြီး ဘူးခံငြင်းလို့ တော်လှန်ရေးလျှို့ဝှက်ချက်တွေကို ရန်သူ့ဆီ မရောက်စေခဲ့သူ၊ ဆရာမောင်မှိုင်းလွင် (အင်းဝ) တို့လို၊ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့လို၊ NLD ခေါင်းဆောင် ခရမ်း ဦးတင်မောင်ဝင်းတို့လို၊ ဆရာမောင်သော်ကတို့လို၊ ဦးအောင်မေသုတို့လို မိသားစု၊ သားသမီးရင်သွေး၊ ဇနီး၊ ချစ်သူတွေထက် တော်လှန်ရေးကို အဓိကထားသူ ဖြစ်ပါတယ်။ အလေးစားဆုံးကတော့ ကိုယ့်ပါးရာကြီးရှိနေတဲ့ ရန်သူ့လက်တွေနဲ့ ဆွဲကိုင်နှုတ်ဆက်နေတဲ့သူတွေ ပေါများနေချိန်မှာ ရန်သူ့လက်က သူ့ပါးရာကို မြင်တတ်သူ၊ သူ့ကိုနှိပ်စက်ခဲ့တဲ့ ရန်သူ့လက်တွေကို ဆွဲကိုင်နှုတ်ဆက်ဖို့ ထာဝရငြင်းဆိုခဲ့သူတယောက် ဖြစ်နေတာပါပဲ။ ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်ခြင်း ၃၂ နှစ်မြောက်မှာ သတိရနေဆဲ၊ ဦးစိန်ဝင်း ခင်းခဲ့တဲ့လမ်း ဆက်လျှောက်နေဆဲ၊ လေးစားဆဲ၊ အလေးနီ ပြုနေဆဲပါ။    ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024