ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီ ၆ ရက်က ပုသိမ်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၃ ရက်အကြာမှာပဲ ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၃ ဦးထိ ရှိလာတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
အကျဉ်းထောင်ဆူပူမှုဖြစ်တဲ့နေ့မှာ အကျဉ်းထောင်ရှေ့ကနေ ရိုက်ထားတဲ့ ရုပ်သံဖိုင်ကို သတင်းဌာနပို့တယ်ဆိုပြီး စွပ်စွဲချက်နဲ့အတူ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့သလို ဇန်နဝါရီ ၇ ရက်က ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီးဖြစ်သူကို နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဖြစ်တဲ့နေမှာပဲ ထောင်ရှေ့မှာရပ်ထားတဲ့ ကားပေါ်က အမျိုးသား ၂ ဦးကို ဖမ်းတာ။ နောက်နေ့မှ ထောင်ကျနေတဲ့ ကိုဝင်းထွန်းရဲ့မိန်းမကို ဖမ်းတာ။ ကိုမဲကြီး မိန်းမကတော့ လွတ်သွားတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အကျဉ်းထောင်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိန်းမတွေကို အကျဉ်းထောင်ထဲ ဖုန်းသွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခုလိုမျိုး လိုက်လံဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ပုသိမ်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ အဲဒီအထဲက ၄ ဦးကတော့ ပုသိမ်ဆေးရုံကြီးမှာ အရေးပေါ် ကုသနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ ၁ ဦးသေဆုံးတာ အတည်ပြုထားပြီး အဲ့ဒီ ၁ ဦးက အချင်းချင်းရန်ဖြစ်လို့ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားသလို အကျဉ်းထောင်ဝန်ထမ်းနဲ့ ရဲ ၁၁ ဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။