Home
မြန်မာသတင်း
ပုသိမ်ထောင်တွင် ဆူပူမှုဖြစ်ပွားနေပြီး သေနတ်ပစ်သံများလည်း ကြားရ
DVB
·
January 6, 2023

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အကျဉ်းထောင်တွင်းမှာ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ဆူပူမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်‌ ည ၈ နာရီလောက်က စတင်ကာ ဆူပူမှုခဏကြာဖြစ်ခဲ့ပြီး ဒီနေ့မနက် ၈ နာရီခွဲလောက် ထပ်ဖြစ်တဲ့အချိန်မှာ သေနတ်ပစ်ဖောက်သံတွေပါ ကြားရတယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့သူ ဒေသခံတဦးက “ညကလည်း အထဲကနေ အော်သံ‌တွေ ခဏကြားလိုက်ရတယ်။ ဒီနေ့မနက်ပိုင်း ထပ်ဖြစ်တာပေါ့။ ဒီနေ့မနက်ပိုင်းကတော့ ပိုကြမ်းတယ်။ ခုဆို သေနတ်ဖောက်တာ ၇ ချက်ရှိသွားပြီ။ တမြို့လုံးကရဲတွေလည်း ထောင်ထဲကိုဝင်သွားတာ တွေ့တယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့က ဒေသခံတချို့လည်း ထောင်အနီးနားတဝိုက်မှာ လာရောက်ကြည့်ရှုတာကြောင့် စစ်ကောင်စီတပ်သားတွေက ထောင်ရှေ့မှာစောင့်နေပြီး ရဲတွေကတော့ ထောင်ထဲဝင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပိုင်အသစ်က ရိုက်ခိုင်းပြီး ထိုင်ကြည့်နေတာကြောင့် ဆူပူမှုတွေ စတင်ဖြစ်ပွားတာလို့ ထောင်နဲ့နီးစပ်သူတွေက ပြောဆိုပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၄ ရက်က ပုသိမ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ အကျဉ်းထောင်ထဲမှာ မကြာခဏဆိုသလို နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ညှဉ်းပန်းလေ့ရှိတယ်လို့ ပြန်လွတ်လာတဲ့သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024