Home
ဆောင်းပါး
မြန်မာပြည်သူတွေ ၇၅ နှစ်ကြာ ငရဲတွင်းက လွတ်မြောက်ဖို့လိုပြီ
DVB
·
December 27, 2022

အရှည်ကြာဆုံး ပြည်တွင်းစစ်ကတော့ မြန်မာပြည်ပဲ ဖြစ်မယ်ထင်ပါတယ်။ မြန်မာပြည် ငရဲတွင်းထဲ ရောက်ခဲ့တာကို ၁၉၄၈ ခုနှစ်က အစပြုပြောမယ်ဆိုရင် နှစ်ပေါင်း ၇၅ နှစ်ရှိပြီပဲ။ ၁၉၆၂ မတ်လ ၂ ရက်နေ့ကနေ စတင်ရေတွက်ရင်တော့ မြန်မာပြည်သူတွေ စစ်မိစ္ဆာငရဲတွင်းထဲ နစ်မြုပ်နေခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ အနုနည်းတိုက်ပွဲ အကြမ်းနည်းတိုက်ပွဲ အစုံစုံနဲ့ စစ်အာဏာရှင်စနစ်ကို အံတုတိုက်ခဲ့ကြရတာ။

တချို့ အသက်ပေးခဲ့ရသလို တချို့ ဘဝတွေ ပျက်စီးခံခဲ့ကြရတယ်။ တချို့ကြတော့လည်း အကြောင်းချက်မျိုးစုံနဲ့ သူတို့ချစ်တဲ့ရေမြေကို စွန့်ခွာပြီး တနေ့ပြန်ရောက်နိုးနိုး မျှော်လင့်ချက်တွေနဲ့ နိုင်ငံပြင်ပမှာပဲ ဘဝကို အဆုံးသတ်သွားကြရတဲ့ ဝမ်းနည်းဖွယ်ရာတွေလည်း ရှိရဲ့။ ဒီနေ့အချိန်မှာလည်း နေလို့ရတဲ့သူရော မရတဲ့သူရော အခွင့်အရေးတခုအဖြစ် ငရဲတွင်းကနေ ထွက်ခွာ လွတ်မြောက်သွားသူတွေလည်း တနေ့တော့ ပြန်ရောက်နိုး မျှော်လင့်ချက်တွေနဲ့ပေါ့။ အေးလေ ငရဲတွင်းထဲမှာ ဘယ်သူဒုက္ခခံပြီး နေချင်ပါမလဲလေ။

‘ရှေ့တခေါ် မျှော်ကြည့် နောက်တလံ ပြန်ကြည့်’ ဆိုပေမဲ့ တခါတလေကျတော့ နောက်ကိုလည်း တခေါ်ကြီး မျှော်ကြည့်သင့်တဲ့ခါလည်း မျှော်ကြည့်ကြရမှာပဲ။ သုံးလေးလံလောက်ကို ပြန်ကြည့်ရတဲ့ အခါတွေလည်း ရှိတယ်။ နောက်တခေါ်လောက်ကစပြီး မျှော်ကြည့်လိုက်ရင် မြန်မာပြည်သူတွေရဲ့ ဘဝတွေဟာ ပဒေသရာဇ်စနစ်ဆိုးအောက်ကနေ လွန်မြောက်ပြီး ကိုလိုနီစနစ်ဆိုးကို တော်လှန်ရင်း အသက်တွေ ဘဝတွေ ဆုံးရှုံးခဲ့ရသူတွေလည်း မရေတွက်နိုင်အောင် များခဲ့တယ်။ ငရဲတွင်းထဲကျတာချင်းအတူတူ သူ့ကျွန်ဘဝရဲ့ ငရဲတွင်း အကျမခံနိုင်တာလည်း ပါမှာပါ။

လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မှာလည်း အသက်တွေ၊ ဘဝတွေ၊ အိုးအိမ်စည်စိမ်တွေ များစွာ ပေးဆပ်ခဲ့ရတယ်။ အသက်ဝဝရှူထုတ်ခွင့် မရခဲ့ကြဘူး။ သူ့ကျွန်ဘဝ ငရဲကပြီးတော့ ကိုယ့်မင်းကိုယ့်ချင်း ကျွန်ဘဝ ငရဲတွင်းထဲ ထပ်ဆင်းရပြန်တယ်။ အဲဒီငရဲတွင်းဖြစ်တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကာလ၊ လွတ်လပ်ပြီးကာလရဲ့ ငရဲခန်းကို ကိုယ်တိုင်မဖြတ်သန်းခဲ့ရပေမဲ့ လူကြီးသူမ ပြောစကားတွေ၊ ကိုယ်တိုင်ခံစားခဲ့ရသူတွေရဲ့ ပြန်လည်ဖောက်သည်ချတာတွေ၊ သူတို့ ရေးသားဖော်ပြခဲ့ကြတာတွေကတဆင့် သိခွင့်ရခဲ့ရတယ်။ ဒီဖြတ်သန်းမှုတွေက ရာစုနှစ်တခုစာလောက် ရှိပြီဆိုတော့ သက်ကြီးစကား သက်ငယ်ကြားခဲ့ရတဲ့ ငရဲတွင်း ဖြတ်သန်းမှုတွေ။ ကြားရခါစကတော့ ထိတ်လန့်တုန်လှုပ်စရာ။

၁၉၆၂ ခု စစ်တပ်က စတင်အာဏာသိမ်းခံရချိန်မှာလည်း လောလောလတ်လတ် ရှင်သန်နေသူတွေရဲ့ ငရဲခန်းဖြတ်သန်းမှုတွေကို ပူပူနွေးနွေး သိရ ကြားရ မှတ်သားခဲ့ရတယ်။ ကိုယ်တိုင် မဖြတ်သန်းခဲ့ရလေတော့ ကိုယ်ချင်းစာစိတ်နဲ့ပဲ ခံစားခဲ့ရတာပါပဲ။ ဒီအချိန်က အစပြုမယ်ဆိုရင် နောက်သုံးလံလောက်ကို ပြန်ကြည့်ရတဲ့သဘောပါပဲ။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ငရဲတွင်း ဖြတ်သန်းမှုကို နောက်တလံ ပြန်ကြည့်ရုံနဲ့ ပြည့်ပြည့်ဝဝ မခံစားနိုင်ဘူး။ အနည်းဆုံး သုံးလေးလံလောက်ပြန်ကြည့်မှ စစ်အာဏာရှင်ရဲ့ ညစ်ပတ်ဆိုးသွမ်း ယုတ်မာမှုတွေကို တင်းပြည့်ကျပ်ပြည့် နားလည်နိုင်မယ်ထင်ပါတယ်။

၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးတော်ပုံမှာတော့ ကျောင်းသားရာကျော်ကို ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့တယ်။ မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့ လူထုဟာ နှလုံးမသာရုံသာမက စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကိုပါ မြင်တွေ့လိုက်ရတော့ ဖက်ဆစ်ဂျပန်တပ်က မွေးဖွားပေးလိုက်တဲ့ လူဆိုးဂိုဏ်းတခုလို ခံစားလာရတယ်။ အဲ့ဒီအချိန်ကစပြီး လူထုရင်ထဲမှာ ဗမာ့တပ်မတော်အဖြစ် မမြင်တော့ဘဲ ‘စစ်မိစ္ဆာလူဆိုးဂိုဏ်း’ တခုအဖြစ် ခံစားလာတော့တာပါပဲ။ သတင်းစာတွေမှာလည်း သူတို့ပေးတဲ့သတင်းကလွဲပြီး သတင်းအမှန်တွေ ထုတ်လွှင့်ခွင့် ဆိတ်သုဉ်းသွားခဲ့တယ်။ စစ်မိစ္ဆာဂိုဏ်းရဲ့ အလိမ်အညာတွေကိုလည်း စတင်ခံစားလာရပြီ။

ပါလီမန်ဒီမိုကရေစီရဲ့ ပုံရိပ်ကောင်းတွေကို ဖျက်သိမ်းခြင်း ခံရပြန်တယ်။ ပါတီအဖွဲ့အစည်းမှန်သမျှ ဖျက်သိမ်းလိုက်တယ်။ ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချထားလိုက်ပြီ။ ကျောင်းသားသမဂ္ဂလည်း ဖျက်သိမ်းခြင်းခံရသလို ခေါင်းဆောင်တွေလည်း ထောင်ထဲမှာ။ တချို့ကတော့ ထွက်ပြေးပုန်ကန်ဖို့ နီးစပ်ရာတောတွင်း ရောက်ကြရပြန်တယ်။ အဲ့ဒီခေါင်းဆောင်တချို့အတွက် လူသူဝေးရာ ကိုကိုးကျွန်းကို ပြန်လည်ဖော်ထုတ်ပြီး ပို့ဆောင်ပြန်တယ်။ တနိုင်ငံလုံး ပြည်သူတွေ တုပ်တုပ်မှမလှုပ်ရဲ။ စစ်ဓားပြတို့ရဲ့ ပျက်ပြားနေတဲ့ အုပ်ချုပ်ရေးအောက်မှာ ငြိမ်ဝပ်ပိပြားလို့။ “ကျောအချခံရတော့မှ ဓားပြ” မှန်း သိကုန်ကြပြီ။ အဲ့ဒီ ကိုယ့်မင်းကိုယ့်ချင်း စစ်မိစ္ဆာငရဲတွင်းမှာ နှစ်ပေါင်း ၆၀ ကြာခဲ့ပြီပဲ။ ဗိုလ်နေဝင်းနဲ့ နှုတ်ခမ်း‌မွေး မောင်လွင်တို့ ဖန်တီးချက်ရဲ့ ငရဲခန်းတွေ။

ဒီလိုနဲ့ မဆလကာလတလျှောက်လုံး ဆန်၊ ဆီ၊ ဆား စတဲ့ လူသုံးကုန်ပစ္စည်းအတွက် တနေကုန် တနေခန်း တန်းစီတိုးမှ မဝရေစာစားရတဲ့ အငတ်ကပ်ငရဲမှာ နှစ်ရှည်ကြာခဲ့ရ။ စိုက်ပျိုးရသမျှ ဆန်စပါးရိက္ခာကအစ စစ်မိစ္ဆာတို့ထံ အပ်နှံရ။ ကိုယ့်ဝမ်းစာတောင် ကိုယ်မချန်ရတဲ့ဘဝ ရောက်ခဲ့ကြပြီ။ ၁၉၆၇ ခုထဲမှာ အငတ်မခံနိုင်တဲ့အဆုံး စစ်တွေမှာ ဆန်လုပွဲတွေဖြစ်တော့ ပစ်သတ်ခံရသူခံရ၊ ဖမ်းဆီးထောင်ချခံရသူခံရ။ သေသူသေ ကြေသူကြေနဲ့ တချို့လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြလေရဲ့။

လယ်လုပ်တောင်သူတွေတောင် အငတ်ဘေးသင့်မှတော့ အလုပ်သမားတို့ဘဝက ပိုဆိုးပြီ။ တချို့အလုပ်သမား မိသားစုတွေဟာ အစာမစားရတော့ ဖက်ဆစ်တို့ရဲ့ သံဖြူဇရပ် ချွေးတပ်စခန်းက ချွေးတပ်သားတွေထက် ဆိုးဝါးတဲ့အဖြစ်နဲ့ ကြုံရတယ်။ အရိုးပေါ်အရေတင် ပိန်ချုံးချည့်နဲ့နေလို့ အိပ်ယာထဲက မထနိုင်ဘဲ ဘဝကူးသွားကြရတာလည်းရှိရဲ့။ မဆလရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရဆိုရင် တချို့အလုပ်သမား မိသားစုတွေဟာ ငတ်နေတဲ့ သားသမီးအတွက် ကြံရာမရတဲ့အဆုံး ဒန်အိုးထဲ ကျောက်ခဲတွေထည့်ပြုတ်ရင်း ငုတ်တုတ်သေနေတာတွေလည်း ရှိခဲ့တယ်။

ဒီလိုနဲ့ စစ်မိစ္ဆာတို့ရဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’ မှာ နိုင်ငံနဲ့အဝန်း အငတ်ဘေးသင့်ကြပြီ။ ဘယ်လိုမှ မခံနိုင်တဲ့အဆုံးမှာ ၁၉၇၄ ဇွန် ၆ ရက်နေ့မှာ အငတ်ဘေးသင့် အလုပ်သမားတို့ တနိုင်ငံလုံး သပိတ်မှောက်ပြီပေါ့။ စစ်မိစ္ဆာတို့က လိုအပ်ချက်ကို လုပ်ဆောင်မပေးနိုင်တဲ့အဆုံး “စားစရာ ဆန်အစား သနားမညှာ ကျည်ဆန်များသာ ပေးအပ်လေပြီ” ဆိုတဲ့အတိုင်း ပစ်သတ်လို့ အင်းစိန်လမ်းမပေါ်မှာ အလုပ်သမားအလောင်းတွေ ပြည်သူ့အလောင်းတွေ ပြန့်ပြန့်ကြဲ။ ထောင်ကျသူကျ။ သေသူသေ။

အလုပ်သမားအရေးတော်ပုံပြီးတော့ ၇၄ ၊  ၇၅ ၊ ၇၆ ကျောင်းသားအရေးတော်ပုံတွေ ဆက်တိုက်ဆိုသလို ထပ်ဖြစ်လာပြန်ရော။ လူထုမကျေနပ်ချက်တွေဟာ အုံနဲ့ကျင်းနဲ့ ပေါက်ကွဲလာတယ်။ ဒီမှာလည်း သေသူသေ။ ထောင်ချခံရသူခံရ။ ထောင်ထဲမှာလည်း စစ်မိစ္ဆာဂိုဏ်းသား လက်မရွံ့အာဏာပါးကွက်သားတွေရဲ့ ငရဲခန်းမှာ သေလုမျောပါးခံရ။ “၆ တိုက်မှာ လောက်ကိုက်တယ်” ဆိုတဲ့ ဆိုစကားက တကယ်ဖြစ်ခဲ့တာ။ ဗိုလ်နေဝင်းနဲ့ မျက်မှန်တင်ဦးတို့ ဖန်တီးထားတဲ့ စစ်မိစ္ဆာငရဲခန်းတွေ။

အလုံပိတ်တိုက်ထဲမှာ မိလ္လာသွန်ခွင့်မပေးဘဲ ထားရာက ၈ ပေပတ်လည်အခန်းထဲမှာ လောက်တွေတဖွားဖွား လမ်းသလားနေတဲ့ကြားထဲမှာ စားရ၊ အိပ်ရ၊ နေရ ထိုင်ရ။ ညအိပ်တာနဲ့ မစင်ထဲကထွက်လာတဲ့ လောက်တွေက ကိုယ်လုံးပေါ်တက်လာရုံမက အစာအမှတ်နဲ့ကိုက်တာကို ခံကြရသေးတယ်။ ပြောလို့မယုံနိုင်လောက်တဲ့ ငရဲခန်းကို ဖြတ်သန်းခဲ့ရတယ်။ ဒါတွေက တကယ့်လတ်လတ်ဆတ်ဆတ် ခံစားရတဲ့ ‘စစ်မိစ္ဆာငရဲခန်း’ ဖြတ်သန်းခဲ့ရတာတွေ။ ဒုဗ္ဘိက္ခန္တရ ကပ်အပြင် သတ္တန္တရကပ်ပါ နောက်ကလိုက်လာတာ။ မျက်မှန်ကြီး တင်ဦးနဲ့ ဦးဘိုနီတို့ ဖန်တီးပေးတဲ့ ငရဲခန်းပေါ့။

၁၉၈၈ ထဲရောက်တော့ အငတ်ဘေးနဲ့ကြုံလို့ လူထုအုံကြွတော်လှန်ကြပေါ့။ မဆလငရဲမှာ ရှည်ကြာစွာခံလာရတဲ့ ပြည်သူတွေ “ဆန်တပြည် ၆ ကျပ် စိန်လွင်ခေါင်းကိုဖြတ်” လို့အော်ရင်း တော်လှန်ပုန်ကန်လာကြတယ်။ မဆလ ကာလတလျှောက် ဆန့်ကျင်အုံကြွမှုအများစုဟာ အငတ်ဘေးကြောင့် ဖြစ်လာရတာတွေ။ အဲ့ဒီမှာလည်း ပစ်ခတ်သတ်ဖြတ်ရုံမက ထုံးစံအတိုင်း ရေကြည်အိုင်ငရဲခန်း၊ အင်းစိန်၊ မြင်းခြံ၊ သာယာဝတီငရဲခန်းတို့မှာ နှိပ်စက်ညှဉ်းပန်း ငရဲလမ်းကို ထပ်မံလျှောက်ကြရပြန်တယ်။ တချို့ကတော့ လွတ်မြောက်နယ်မြေမှာ ရရာလက်နက် ဆွဲကိုင်လို့ တော်လှန်ဖို့ စိုင်းပြင်းခဲ့ရတယ်။

ဒီမှာတော့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်ရဲ့ ငရဲခန်းကို ဖြတ်သန်းရပြန်တယ်။ လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ။ စစ်မိစ္ဆာတို့ရဲ့ ငရဲခန်းမှာ အသက်ပေးဆပ်ခဲ့ရပြန်တယ်။ ဖဆပလခေတ်၊ မဆလခေတ်နဲ့ နဝတခေတ်ဆိုတဲ့ ခေတ်သုံးခေတ် ငရဲခန်းကို ဖြတ်သန်းခဲ့ကြတဲ့ သူရဲကောင်းကြီးတွေပေါ့။

အဲ့လို ခေတ်သုံးခေတ် ငရဲခန်းကို ဖြတ်သန်းခဲ့ရတဲ့ သူရဲကောင်းကြီး ဦးထွန်းစိန်ရဲ့ ညီမကတော့ သူ့အစ်ကိုလူပျိုကြီးကို ထောင်ဝင်စာတွေ့ရင်း “အစ်ကိုတို့ကလည်း တက်လာတဲ့အစိုးရတိုင်းနဲ့ ရန်ကြီးပဲ ဖြစ်နေကြတာ။ ညီမမှာလည်း အစိုးရတခုပြောင်းလိုက် ထောင်ဝင်စာတွေ့လိုက်ရနဲ့။ အစိုးရတခုပြောင်းတိုင်း ရင်တထိတ်နဲ့ နေရတဲ့ဘဝ ဘယ်တော့မှ လွန်မြောက်ပါ့မလဲ မသိဘူး” တဲ့။ အဲ့ဒီပြောစကားကြားရတော့ ရင်နာနာနဲ့ “ငိုအားထက် ရယ်အားသန်” ခဲ့ကြရသေးတယ်။ အခုနေများ အဘထွန်းစိန်ရဲ့ ညီမသာ ရှိသေးရင် ခေတ်လေးခေတ်ငရဲခန်းကို ဖြတ်သန်းနေရအုံးမယ့် သူ့အစ်ကိုကို ဘယ်လိုများ ပြောလေမလဲ သိချင်စမ်းပါဘိတော့တယ်။

နစက စစ်မိစ္ဆာဂိုဏ်းရဲ့ ငရဲခန်းက ပိုဆိုးတယ်လို့ပဲ ပြောလေမလား။ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ်ကတည်းက ‘ခေတ်ပြောင်းချင်ရင် ခေါင်းကိုပစ်’ ဆိုတဲ့ မိစ္ဆာဘုန်းကြီးတွေရဲ့ အခါပေးခြင်းနဲ့အတူ အလိုတူအလိုပါ ပစ်သတ်ခဲ့တယ်။ သာသနာပျက်ထဲမှာ အာခံသူမှန်သမျှ ထောင်သွင်းနှိပ်စက်ခဲ့တယ်။ တချို့ကို ကြိုးပေးသတ်လိုက်ပြန်တယ်။ သူတို့အုပ်ချုပ်မှုကို လက်မခံသူမှန်သမျှ ပစ်သတ်အဆုံးစီရင်ခဲ့တယ်။ သာသနာပျက်တို့ကလည်း ‘မိစ္ဆာတွေကိုသတ်တာ အပြစ်မရှိ’ ဆိုတဲ့ သွေးထိုးစကားတွေနဲ့ ဗုဒ္ဓသာသနာကို လိုသလိုအသုံးချရင်း ဘုန်းကြီးတွေကိုယ်တိုင် ဘုရားသာသနာကို ဖျက်လိုက်ကြပြီ။ တရားအပျက်မှာ ဓားထက်နေလိုက်ကြတာ။ လူသတ်ရတာ လက်ယဉ်နေကြပေါ့။

ပြည်သူ့ဥစ္စာစည်းစိမ်ကို ခိုးဆိုးလုယက် အနုကြမ်းစီးရုံမက မုဒိမ်းကျင့် သတ်ဖြတ်တဲ့အထိ လုပ်ဆောင်လာရုံမပြီး လူထုတရပ်လုံး ဆန့်ကျင်တာကြောင့် ပြည်သူ့နေအိမ်တွေ မီးရှို့လိုက်သေးရဲ့။ မီးမရှို့သာတဲ့ နေအိမ်တွေကို ချိပ်ပိတ် အပိုင်သိမ်းလိုက်ပြန်တယ်။ မြန်မာတပြည်လုံး ထောင်တွင်းငရဲ၊ ထောင်ပြင်ငရဲမှာ ငရဲခန်းတွေ ပြည့်နှက်နေတယ်။ မြန်မာပြည်သူအားလုံး အဆိုးဆုံးငရဲမှာ ကျနေကြရတာပါပဲ။ ဒီငရဲဟာ နောက်ဆုံးငရဲ ဖြစ်ပါစေတော့…။

ဒါကြောင့် သေသေချာချာတွက်စစ်ကြည့်ရင် မြန်မာပြည်သူတရပ်လုံးဟာ ပဒေသရာဇ် ခေတ်ကာလကိုပဲကြည့်ကြည့်၊ ကိုလိုနီခေတ်ကာလကိုပဲ ကြည့်ကြည့်၊ လွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ့်ချင်း ကာလတွေကိုပဲ ကြည့်ကြည့် ငရဲတွင်းက အခုချိန်ထိ မကျွတ်လွတ်နိုင်သေးပါဘူး။ ဒီတကြိမ် နွေဦးတော်လှန်ရေးမှာတော့ စစ်မိစ္ဆာဂိုဏ်းကို အပြီးအပိုင် ချေမှုန်းပြီး ငရဲတွင်းက လွန်မြောက်ကြပါစေကြောင်း ဆုတောင်းနေမိပါတော့တယ်။ စစ်မိစ္ဆာဂိုဏ်း မျိုးပြတ်ပြီဆိုတာနဲ့ မြန်မာပြည်သူအားလုံး ငရဲတွင်းက လွတ်ပြီလို့ပဲ ယုံကြည်ရင်း ၂၀၂၃ ခုရဲ့ မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ရပါတော့တယ်။

မြန်မာပြည်သူအပေါင်း စစ်မိစ္ဆာငရဲတွင်းက ကျွတ်လွတ်ကြပါစေ….။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024