Home
ဆောင်းပါး
အာဏာရှင်ရဲ့သေတမ်းစာ
DVB
·
December 20, 2022

မြန်မာပြည်သူအများစုကတော့ အာဏာရှင်သေတမ်းစာကို ‘ဘယ်နေ့ဖတ်ရမလဲ’ လို့ မျှော်လင့်စောင့်စားနေကြလေရဲ့။ သတိထားကြရမှာ တခုက အာဏာရှင်တိုင်းဟာ သူ့သေတမ်းစာ မရေးမီမှာ နိုင်ငံတော်ကို ရသလောက် ဖျက်ဆီးခဲ့တတ်ကြတယ်။ သူတို့စိတ်အကြံထဲမှာ ‘ငါ့ကိုဆန့်ကျင် လက်မခံတဲ့နိုင်ငံကို ဖျက်ဆီးထားခဲ့မယ်’ ဆိုတဲ့ ဖျက်စိတ် အတွေးဟာ အမြဲရှိနေတတ်ကြလို့ပဲ။

ဟစ်တလာလည်း ဒီအတွေးအကြံ ရှိခဲ့တာပေါ့။ ဟစ်တလာဟာ သူ စစ်ရှုံးတော့မယ်ဆိုတာကို ရိပ်စားမိတဲ့အခါ သူ့တပည့် ‘မာတင်ဘောမန်း’နဲ့အတူ အလိမ်အညာ သေတမ်းစာတစောင်ကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ သေတမ်းစာ ရေးပြီးတဲ့နောက် သူ့ရဲ့ တပည့်သာဝကတဦးဖြစ်တဲ့ ‘အဲလ်ဘတ်စပီးယား’ ဆိုသူကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့သတဲ့။ အဲဒီပြောပြချက်ထဲမှာ သူ့ခံစားချက်နဲ့ သူ့စိတ်အတွေးအကြံကို အခုလိုပြောခဲ့တယ်။

“ဂျာမနီနိုင်ငံကြီးဟာ သူ့ကို စစ်ရှုံးအောင်လုပ်ခဲ့တယ်။ ဒါကြောင့် ဒီနိုင်ငံတော်ကြီးကို ဖျက်ဆီးပစ်ရန်သာ ရှိတော့တယ်။ အနာဂတ်ကို ပိုမိုအင်အားကြီးတဲ့ အရှေ့နိုင်ငံတော်ကြီး တနိုင်ငံကသာ လုံးဝပိုင်ဆိုင်ခဲ့ပြီ” လို့ ပြောဆို မြည်တမ်းခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့နိုင်ငံတော်ကြီးတနိုင်ငံ ဆိုတာကတော့ ရုရှားကို ရည်ညွှန်းဟန်ပါပဲ။ တချို့ကတော့ တရုတ်ကို ရည်ညွှန်းတယ်လို့ ဆိုတယ်။ တကယ်လည်း သူဟာ ဂျာမနီနိုင်ငံကိုသာမက ကမ္ဘာတခြမ်းလောက်ကိုပါ ဖျက်ဆီးခဲ့တာ။

ဟစ်တလာလိုပဲ ဗမာ့စစ်မိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးကလည်း “သူအုပ်ချုပ်တာ လက်မခံရင် သူအုပ်ချုပ်ခွင့်မရခဲ့ရင် မြန်မာတနိုင်လုံး ဖျက်ဆီးပစ်လိုက်မယ်” လို့ ကြုံးဝါးခဲ့တာပဲ မဟုတ်လား။ ကြုံးဝါးခဲ့တဲ့အတိုင်းလည်း မြန်မာတနိုင်ငံလုံး ပြာပုံအတိဖြစ်အောင် မီးလောင်တိုက်သွင်းခဲ့တာက သက်သေခံနေတယ်။ မြန်မာတနိုင်ငံလုံး အိမ်ခြေ ၅၀,၀၀၀ နီးပါး မီးလောင်တိုက် အသွင်းခံထားရတယ်။ ပစ်ခတ်သတ်ဖြတ်ခံရသူပေါင်းက ၃,၀၀၀ ကျော်ရှိနေပြီ။

စစ်မိစ္ဆာဂိုဏ်းသားတို့ စဉ်းစားဉာဏ်မဲ့ပုံက ဟိုရှေးကလို မီးလောင် မီးရှို့ လက်စဖျောက် ခြိမ်းခြောက်လို့ရမယ် ထင်ခဲ့ကြတာ။ ရှေးကတော့ စစ်ဗျူဟာမှာ မီးရှို့ခြိမ်းခြောက်ခဲ့ပေမဲ့ ခြေရာလက်ရာ ဖျောက်လို့ရခဲ့တာက သစ်ဝါးနဲ့ ဆောက်ထားတဲ့အိမ်တွေ တဲတွေဆိုတော့ ကာလမကြာမီမှာပဲ သက်သေခံတွေ ပျောက်သွားခဲ့တာပေါ့။ အခုခေတ်ကာလမှာတော့ သစ်ဝါးအပြင် အုတ်တိုက်တွေက မြို့ရွာအနှံ့ရှိနေတော့ အုတ်တိုက်ပျက်တွေ ထိုးထောင်နေတာက ဖျောက်ဖျက်လို့မရတဲ့ သက်သေတွေ ဖြစ်သွားခဲ့တော့တာပါပဲ။

လူ့ဘဝမှာ စားရေးပြီးရင် နေရေးက အရေးကြီးကြမြဲပဲ မဟုတ်လား။ အခုတော့ စစ်မိစ္ဆာဂိုဏ်းရဲ့ လက်ချက်နဲ့ စားစရာစပါးခင်းတွေလည်း မီးရှို့ဖျက်ဆီးခံရ။ နေစရာအိုးအိမ်တွေလည်း မီးရှို့ဖျက်ဆီးခြင်းခံရ။ ပြည်သူလူထုမှာတော့ စစ်ပြေးဒုက္ခသည်တွေ ဖြစ်လို့။ စားစရာလည်းမဲ့၊ နားခိုစရာလည်း မဲ့ခဲ့ပြီမို့ ပြည်သူတွေ စုပေါင်းတော်လှန်ကြတာ အဆန်းမှမဟုတ်ဘဲ။ နာကြည်းစိတ်က တော်လှန်စိတ် ဖြစ်ခဲ့ကြတာပဲလေ။

စစ်မိစ္ဆာဂိုဏ်းခေါင်းဆောင်ရဲ့ “မလုပ်ရဲတာမရှိဘူး” ဆိုတဲ့စကားကို ပြည်သူလူထုက ကိုယ့်စိတ်နဲ့ ချိန်ဆပြီး ဒီလို ယုတ်မာပက်စက်တဲ့ အလုပ်မျိုးကို ‘မိကောင်းဖခင်သားသမီးမှန်ရင် မလုပ်‌လောက်ပါဘူး’ လို့ ထင်ခဲ့ကြတာ။ တကယ့်လက်တွေ့ မျက်တွေ့ ရက်စက်ကြမ်းကြုတ်မှုကို ခံစားလာရတော့မှ စစ်မိစ္ဆာဂိုဏ်းရဲ့ သရုပ်မှန်ကို မြင်လာပြီး ထကြွပုန်ကန်လာကြတာ အားလုံးအသိပါပဲ။ ‘သွေးကြွေးမှာ ဆွေးနွေးစရာမရှိ’ လို့တောင် ဟစ်ကြွေးလိုက်ကြသေးရဲ့။

စစ်မိစ္ဆာဂိုဏ်းသားတွေကတော့ သူတို့သခင်ရဲ့ အလိမ်အညာအတိုင်း ‘မဲမသမာမှု’ ဆိုတာကို မျက်စိမှိတ် ယုံလိုက်ကြတယ်။ မဟုတ်မှန်းသိပေမဲ့ အဲဒီလို မုသားကို ယုံမှ ဘဝရှင်သန်ခွင့် ရနိုင်ပေတာကိုး။ ဟစ်တလာလည်း ဒီလိုပါပဲ။ ဒုတိယကမ္ဘာစစ်ကြီးကို စတင်တာဟာ သူ မဟုတ်ဘူး။ မဟာမိတ်တွေလို့ စွပ်စွဲပြစ်တင်ပြီး သူ့စိတ်ကို သူကိုယ်တိုင် လိမ်ရုံသာမက သူရော သူ့သာဝကတွေကိုရော ယုံအောင်သိမ်းသွင်းခဲ့ပေတာပဲ။ အာဏာရှင်ဟာ ကိုယ့်အပြစ်ကို ဘယ်တော့မှ မမြင်နိုင်လောက်အောင် လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းကြမြဲပါပဲ။

အာဏာရှင်များဟာ သူတို့စိတ်ထဲမှာ ခိုင်မြဲနေလေ့ရှိတဲ့ အဘိဓမ္မာက “နိုင်ငံရေးအရ တကယ့်ဖြစ်ရပ်များဟာ အဖြစ်မှန်မဟုတ်။ လုပ်ကြံဖန်တီးချက်တွေသာ ဖြစ်တယ်။ လူ့စိတ်က ထင်မြင်ယူဆနေခြင်း၊ လူတို့ရဲ့ဆန္ဒအရ ပေါ်ပေါက်နေခြင်းသာ ဖြစ်တယ်။” လို့ စွဲမှတ်ထားတတ်ကြတာ။ ဒါကြောင့်လည်း တာဝန်ယူမှု တာဝန်ခံမှုဆိုတာ သူတို့မှာ မရှိတတ်ကြပါဘူး။ အပြစ်ဟူသမျှ တဖက်သားအပေါ်ပဲ ပုံချပြီး ရှောင်လွှဲလေ့ရှိတတ်ကြတာ ဓမ္မတာပဲ။ အဲ့ဒီစိတ်အခြေခံကြောင့် “အာဏာရှင်ဟာ ဘယ်တော့မှ အရှင်ထွက်လေ့မရှိ” ဆိုတဲ့ ဆိုရိုးစကားတွေ ဖြစ်ခဲ့တာပဲ။ အဲ့ဒါ ခေါင်းမာတာမဟုတ် သတ္တိမရှိတာ။ အကြောက်ကြီးတာ။

လူဟာ တစုံတခုနဲ့ ရုတ်တရက် ရင်ဆိုင်လာရင် ဦးနှောက်ရဲ့ တုံ့ပြန်မှုအရ အဆင့်သုံးဆင့်ကို ဖြတ်သန်းကြရမြဲပဲ။ စစ်ရှုံးတော့မယ်ဆိုတာ သိလာတဲ့အခါ ပထမအဆင့်အနေနဲ့ Fright လို့ခေါ်တဲ့ ထိတ်လန့်တုန်လှုပ်လာတယ်။ ကြောက်လန့်ပြီး ကြောင်တောင်တောင် ဖြစ်လာတယ်။ ဒုတိယအဆင့်အနေနဲ့ Fight ဆိုတဲ့ ပြန်လည်ခုခံတိုက်ခိုက်လာတာ။ ရုန်းကန်လာတာပေါ့။ တတိယအဆင့်မှာတော့ Flight ကတော့ စိတ်ကစားလာပြီး မတည်မငြိမ်ဖြစ်ကာ ထွက်ပြေးတော့တာ။ ဟစ်တလာရဲ့ စစ်ရှုံးချိန်မှာ ဒီအဆင့်သုံးဆင့်ကို တွေ့ရတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး လက်တွေ့ဘဝကို ရင်မဆိုင်ရဲတော့ ထွက်ပြေးခဲ့တော့တာပါပဲ။

ဟစ်တလာဟာ သူစစ်ရှုံးနေပြီဆိုတာ သိပေမဲ့ လက်မခံရဲဘူး။ မသိစိတ်ကတော့ သူ့သေတမ်းစာကို ရေးရင်း သူ့ကိုယ်သူ အားတင်းခဲ့တယ်။ “ကျွန်ုပ်တို့ နောက်ဆုံး တာတိုပြေးပွဲတွင် အနိုင်ရနိုင်ပါသေး၏။ ကျွန်ုပ်တို့အတွက် ယင်းသို့အနိုင်ရရန် အချိန်ရှိပါသေး၏” လို့ ရေးသားရင်း အားတင်းခဲ့သေးတယ်။ အားတင်းရင်းလည်း ရှုံးနိမ့်ခါနီး အာဏာရှင်တို့ရဲ့စိတ်အတိုင်း ကယ်တင်ရှင်ကို မျှော်ကိုးနေတယ်။ သူ့အရင်က ဖြစ်ရပ်အချို့ကို ညွှန်းဆိုပြီး‌ ကယ်တင်ရှင် မျှော်ခဲ့တာ။ စစ်မိစ္ဆာခေါင်းဆောင်တစုလည်း တာတိုမှာ အနိုင်ရနိုင်ကောင်းရဲ့လို့ ထင်ပြီး ကယ်တင်ရှင် မျှော်နေဟန်ပဲ။

‘ဖရက်ဒရစ်’ ဘုရင်ကြီး ရန်သူပတ်လည်ဝိုင်းထားလို့ သည်းသည်းမဲမဲ အကျဉ်းအကျပ်ထဲ ရောက်ခဲ့စဉ်က သူသတ်မှတ်ရက်မတိုင်မီ တစုံတရာသော အပြောင်းအလဲမရှိခဲ့ရင် အဆိပ်သောက်ပြီး သူ့ကိုယ်သူ သတ်သေရန် သန္နိဋ္ဌာန်ချခဲ့တယ်။ အဆိပ်မသောက်မီ ရက်အနည်းငယ်အလိုမှာ ဇာရီးနားဘုရင်မကြီး သေသွားတော့ ရုတ်တရက် နိုင်ငံရေး၊ သံတမန်ရေး အားလုံး ပြောင်းလဲသွားလို့ အကျပ်အတည်းက လွတ်မြောက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တခု ရှိခဲ့ဖူးတယ်။ အဲ့ဒါကို နမူနာထားပြီး “အကယ်၍ ချာချီသာ ရုတ်တရက် ပျောက်ကွယ်သွားပါက မျက်စိတမှိတ် လျှပ်တပြက်အတွင်း အားလုံးပြောင်းလဲသွားနိုင်တယ်” လို့ သေတမ်းစာမှာတောင် ထည့်ရေးပြီး ကယ်တင်ရှင် မျှော်ခဲ့သေးတယ်။

ဟစ်တလာဟာ မစူးစမ်း မဆင်ခြင် စစ်နဲ့လောင်းကစားလုပ်ခဲ့သလို မြန်မာနိုင်ငံမှာလည်း စစ်မိစ္ဆာဂိုဏ်သားတွေက တနိုင်ငံလုံးရဲ့ တော်လှန်စစ်ကို တိုင်းပြည်ဘဏ္ဍာသုံးပြီး စစ်နဲ့ လောင်းကစားလုပ်ခဲ့တယ်။ တနိုင်ငံလုံးကို မိုက်မိုက်ကန်းကန်း မီးရှို့ဖျက်ဆီးခဲ့တယ်။ အမျိုးကောင်းသားသမီး အနာဂတ်ရင်သွေးတွေကို သတ်ဖြတ်ခဲ့တယ်။ ဒါဟာ ဒုတိယအဆင့် Fight ကို ရောက်လာတာ။ စစ်ရေး သံတမန်ရေး ရှုံးနိမ့်မှုကို လက်မခံနိုင်တော့ဘဲ ရုရှား၊ တရုတ် နိုင်ငံ တခုခုကို ကယ်တင်ရှင်အဖြစ် မျှော်ကိုးရင်း ဗေဒင်ယတြာနဲ့ ဖြေသိမ့်နေရတဲ့ အခြေအနေကို ရောက်နေတာ တွေ့လာရတယ်။ တတိယအဆင့် Flight ကို ရောက်တော့မှာကို ပြနေပြီ။

ဒီလိုအခြေအနေမျိုးမှာ စစ်မိစ္ဆာဂိုဏ်းရဲ့ စစ်သားတချို့က အမှန်ကိုမြင်ပြီး မိခင်တပ်ရင်းကို စွန့်ခွာနေကြပြီ။ စစ်မိန့်ကို ဆန့်ကျင်သူက ဆန့်ကျင်ကြပြီ။ တပ်ရင်းမှူးအချို့နဲ့ အရာရှိ အရာခံတချို့ ရဲတင်းစွာပဲ မတရားတဲ့အမိန့်ကို ငြင်းဆန်နေတာကို တွေ့နေရတယ်။ လက်နက်ချသူကချ၊ ထွက်ပြေးသူကပြေးနဲ့ စစ်မြေပြင်မှာ အတုံးအရုံး သေသူတွေကသေ။ ကျိုးကန်း ဒဏ်ရာရသူက ရနဲ့ မိစ္ဆာတပ်တို့ အခြေပျက်ပြီးရင်း ပျက်နေလေပြီ။ ဒီလိုအခြေအနေမျိုးမှာ စစ်ရှုံးနေပြီဆိုတာ အသိစိတ်မှာ လက်မခံထားပေမဲ့ မသိစိတ်မှာ နေရာယူထားပြီ ဖြစ်တာကြောင့် စစ်မိစ္ဆာခေါင်းဆောင်တို့လည်း ဟစ်တလာလို သေတမ်းစာ ရေးကောင်း ရေးနေလောက်ပြီလို့ ထင်မြင်နေမိပါတော့တယ်။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024