Home
ဆောင်းပါး
အာဏာလုယူဆုပ်ကိုင်ထားသော်လည်း အုပ်ချုပ်ခြင်းငှာ မစွမ်းသာသော မြန်မာစစ်တပ်
DVB
·
December 11, 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရွေးကောက်ခံအရပ်သား လွှတ်တော်အမတ်တွေကို ဖမ်းဆီးကာ ဆယ်စုနှစ်တစ်ခုကြာအောင် မနည်းသည်းခံကာ မကျေမနပ်နဲ့ ပေးထားရတဲ့ အကန့်အသတ်တွေနဲ့ ဒီမိုကရေစီကို မြန်မာစစ်တပ်က အဆုံးသတ်လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပိုလို့သာတိုးလာခဲ့ပါတော့တယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာလည်း ၁၃၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာကြာအောင် ရပ်နားထားတဲ့ သေဒဏ်ပေး ကွပ်မျက်မှုကိုလည်း မြန်မာစစ်အာဏာရှင်တွေက ပြန်လည်လုပ်ဆောင်လာကြပါတယ်။

မြန်မာစစ်ကောင်စီက အတိုက်အခံ နိုင်ငံရေးသမားတွေကိုချေမှုန်းရေး လက်နက်အဖြစ်နဲ့ သေဒဏ်ကို အသုံးပြုနေတာဖြစ်ကြောင်းနဲ့  တံခါးပိတ်ခုံရုံးမှာ စွဲချက်တင်ကာ သေဒဏ်အမိန့်ချခံရပြီး ကွပ်မျက်ခံရသူ အရေအတွက်ဟာ ၁၃၀ ကျော်သွားပြီလို့ သိရချိန်မှာ ထိတ်လန့်တုန်လှုပ်မိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောခဲ့ပါတယ်။

အဲဒီတံခါးပိတ် စစ်ခုံရုံးတွေမှာ တရားရင်ဆိုင်ခဲ့ရသူ ၁၇၀၀ ကျော်ထဲက အမြောက်အမြားဟာ ရှေ့နေ့နဲ့ရော ဆွေမျိုးတွေနဲ့ပါ တွေ့ခွင့်မရခဲ့ကြသလို အပြစ်မရှိကြောင်းအမိန့်ချခံရပြီး ပြန်လည်လွတ်မြောက်ခဲ့သူလည်း တစ်ယောက်မှမရှိပါဘူး။

ကမ္ဘာ့ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲနဲ့ ကမ္ဘာအရပ်ရပ်က ဆူပူမှုတွေကြောင့် မြန်မာနိုင်ငံမှာ အတိုက်အခံတွေကို မြေလှန်ကာ ရက်စက်ယုတ်မာစွာဖြိုခွင်းနေတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာက အာရုံမစိုက်နိုင် ဖြစ်ခဲ့ရပါတယ်။

မြန်မာစစ်တပ်ဟာ အတိုက်အခံတွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ရွာတွေကို ဖျက်ဆီးတယ်။ ဆေးရုံတွေ၊ စာသင်ကျောင်းတွေအပြင် ဖျော်ဖြေရေးပွဲတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့ပါတယ်။

စုစုပေါင်း အရပ်သား ၁ ဒသမ ၃ သန်းခန့်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အရမ်းကိုဆိုးရွားတဲ့ အခြေအနေနဲ့ နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အမျိုးမျိုးတပ်ကာ ထောင်သက်တမ်းရှည်အောင် အမှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ချနေပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ စစ်သားတွေနဲ့ စစ်ကောင်စီထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင်တွေရဲ့ တရားဥပဒေမဲ့သတ်ဖြတ်မှုတွေကို အစီရင်ခံစာအမျိုးမျိုးနဲ့ ထုတ်ပြန်လာကြပါတယ်။

ကနဦးမှာတော့ အတိုက်အခံတွေနဲ့ ဒီမိုကရေစီကို ကာလရှည်ကြာဖိနှိပ်မှုမှာ ကျင့်သားရနေတဲ့ စစ်ကောင်စီဟာ မကြာခင်မှာပဲ ပြန်လည်အုပ်ချုပ်သွားနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

ဒီမိုကရေစီအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျောထောက်နောက်ခံပေးကာ ဆန္ဒပြသူတချို့ လက်နက်ဆွဲကိုင် ပြန်လည်တိုက်ခိုက်ခဲ့ကြပေမဲ့ ထောက်ပံ့ငွေ၊ လက်နက်ကိရိယာနဲ့ လေ့ကျင့်မှုနည်းတာကြောင့် သူတို့ရဲ့ တိုက်ခိုက်မှုဟာ မျှော်လင့်ချက်နည်းတဲ့ အရဲစွန့်မှုသာ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေအမျိုးမျိုးအောက်မှာ တော်လှန်ရေးဆောင်ရွက်ချက်တွေဟာ ထင်ထားတာထက် ပိုကြာရုံမျှမက ထိရောက်မှုလည်းရှိခဲ့ပါတယ်။ အရပ်သားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ နဂိုတည်းက မြန်မာစစ်တပ်နဲ့တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်စခန်းတွေနဲ့ အရင်ကတိုက်ခိုက်ဖို့မလွယ်ခဲ့တဲ့ နေရာတွေကို ဝိုင်းဝန်းတိုက်ခိုက်နေကြပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တပ်သားတွေဟာလည်း ထွက်ပြေးတာတွေ၊ ဘက်ပြောင်း တိုက်ခိုက်တာတွေရှိလာခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတချို့ကနေ လက်နက်တွေရရှိနိုင်ပေမဲ့ စစ်ကောင်စီဟာ လက်နက်ရရှိရေးအတွက် ရုရှားကိုသာ အဓိကအားကိုးလာခဲ့ပါတယ်။

စစ်ကောင်စီက တစ်ကြိမ်အမှားလုပ်လိုက်တိုင်းမှာ အတိုက်အခံတွေအတွက် ဆက်လက်တိုက်ခိုက်ဖို့ အကြောင်းတစ်ခု ပေါ်လာမြဲဖြစ်ပြီး စစ်ကောင်စီဟာ နောက်ဆုတ်လိမ့်မယ်လို့ ဘယ်သူကမှမ တွေးထားကြပါဘူး။

ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ပြောနေပေမဲ့ လက်တွေ့မှာတော့ မဲပေးမယ့်နေရာတွေမှာ စစ်ကောင်စီက တိုက်ပွဲတွေရှုံးကာ နယ်မြေစွန့်လွှတ်ထားရပြီး အတိုက်အခံတွေကသာ စိုးမိုးထားတာဖြစ်ပါတယ်။

ဗြိတိသျှသံအမတ်ဟောင်း ဗစ်ကီဘိုးမန်း အပါအဝင် အကျဉ်းသား ၆၀၀၀ လောက်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ၇က်နေ့မှာ လူအမြင်ကောင်းအောင်ဟန်ပြ လွှတ်ပေးခဲ့ပေမဲ့ အဲဒီနေ့မှာပဲ နောက်ထပ်ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။ နောက်ထပ်ဖမ်းဆီးခံရသူအရေအတွက်ဟာလည်း လွှတ်ပေးလိုက်တဲ့ အရေအတွက် ထက် မကြာခင်မှာပိုများလာတော့မှာဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ စစ်အာဏာရှင်တွေဟာ ရွံစရာကောင်းအောင် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြပါတယ်။ စစ်တပ်ခေါင်းဆောင်းမင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ဆုနှစ်ခုပေးခဲ့တာ အပါအဝင် သူ့ရဲ့ မိတ်ဖက်ဩဇာခံတွေကို သူ့အနားမှာ ထိန်းထားနိုင်ဖို့အတွက် ဆုတံဆိပ်တွေချီးမြှင့်ခဲ့တာမှာ   အမေရိကန်ဒေါ်လာ ၃၃ သန်း အကုန်အကျခံသုံးစွဲခဲ့တယ်လို့ သိရပါတယ်။

သူ့ကိုယ်သူပေးအပ်ခဲ့တဲ့  ဆုတစ်ခုမှာဆိုရင်လည်း ရွှေနဲ့ ပတ္တမြားတွေကို အသေးစိတ်ခြယ်မှုန်းထားတဲ့ ဆုတံဆိပ်ကိုပါ ထည့်သွင်းရယူခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေဟာ အဲဒီစစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ထိထိရောက်ရောက် ပိတ်ဆို့နိုင်ရေးအတွက် သေချာပစ်မှတ်ထားပြီး ဆောင်ရွက်သင့်ပါတယ်။

နိုင်ငံတကာနယ်ပယ်မှာ ယူကေအစိုးရရဲ့ ဦးဆောင်ဦးရွက်ပြုမှုတွေကို ကြိုဆိုဂုဏ်ပြုကြပေမဲ့ စစ်အာဏာရှင်တွေကိုတွန်းလှန်နိုင်ရေးအတွက် နောက်ထပ်အများကြီးဆောင်ရွက်ဖို့လိုသေးတယ်လို့ ဒီမိုကရေစီအရေးထောက်ခံလှုပ်ရှားသူတွေက ဆိုပါတယ်။ မြန်မာစစ်တပ် အသုံးပြုနေတဲ့ လေယာဉ်ဆီ တင်ပို့မှုကို တားမြစ်ပိတ်ဆို့နိုင်ရေးအတွက် UK အစိုးရက ကြိုးပမ်းအားထုတ်ခဲ့ တာဖြစ်ပါတယ်။ 

စစ်အာဏာရှင်တွေ ပိုပိုပြီး ရက်စက်ကြမ်းကြုတ်လာတာဟာ သူတို့ထိတ်လန့်နေတဲ့ သဘောဖြစ်သလို သူတို့ရဲ့ အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့တဲ့ မိုက်မဲကြမ်းကြုတ်မှုကိုလည်း ပြသတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တော်လှန်ပုန်ကန်နေကြသူတွေရှိနေဆဲဖြစ်တာကြောင့် မအောင်မြင်သေးဘူးလို့ ဒီမိုကရေစီအရေးလှုပ်ရှားရုန်းကန်နေသူတွေကပြောပါတယ်။ အာဏာသိမ်းတဲ့ကိစ္စ လုံးဝကျရှုံးစေရေးအတွက် ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေကို ထောက်ပံ့အားပေးမှုတွေ နောက်ထပ်ပိုမိုပေးအပ်ဖို့လိုကြောင်း ဗြိတိန်နိုင်ငံထုတ် The Guardian သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ရေးသားဖော်ပြထားပါတယ်။

ဘာသာပြန်သူ- ဥဿာဆန်း 

( ဗြိတိန်နိုင်ငံထုတ် The Guardian သတင်းစာမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ရေးသားဖော်ပြထားတဲ့ "The Guardian view on Myanmar’s military: in power but not in control" အယ်ဒီတာ အာဘော်ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်သည်။ )

Ref-The Guardian

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024