တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာနားက စစ်ကောင်စီတပ်ရဲ့ နယ်စပ်စခန်းကုန်းတခုကို ဒီဇင်ဘာ ၃ ရက် မနက် ၁၁ နာရီကျော်လောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
၂ နာရီကြာဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့ပြီး RPG ၁ လက်နဲ့ MA 1 အမျိုးအစား သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၊ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလျှပ်စီးက ပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ သူတို့ စခန်းကုန်းပေါ်အထိ တက်တိုက်တာ။ အဲဒီမှာ သူတို့ဘက်က ထိထားတဲ့သူတွေ ရှိတယ်။ ကျနော်တို့ဘက်က လက်နက်တွေသိမ်းပြီး ပြန်ဆုတ်လာခဲ့တာ။”
တိုက်ပွဲဖြစ်ပွားပြီး ဒီဇင်ဘာ ၄ ရက် မနက် ၁ နာရီခွဲလောက်မှာတော့ မြိတ်၊ ကော့သောင်းဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဘုတ်ပြင်းမြို့အခြေစိုက် လေညာတပ်ရင်းကနေ အဲဒီနယ်စပ်စခန်းကုန်းကို လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူ ရောက်လာခဲ့ပါတယ်။
ဒီနောက် မနက် ၇ နာရီခွဲလောက်မှာတော့ လမ်းတလျှောက် အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၄ နာရီကြာလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။