ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အဝင် ဂန္ဓမာကျေးရွာနားမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ Wy စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
"မနေ့က ညနေ ၃ နာရီ လောက်မှာ ဖမ်းမိတာ ။ ဂန္ဓမာကျေးရွာနားမှာ ရပ်ထားတာကို သတင်းအရ အဖွဲ့ပေါင်းစုံကသွားပြီး ဖမ်းဆီးခဲ့တာ။ ဟိုဘက်ကလည်း သတင်းရထားတော့ ကားဒရိုင်ဘာနဲ့ စပယ်ယာတို့ ထွက်ပြေးသွားကြပြီ။ ရှေ့လည်း မသွားရဲတော့ဘဲ ရပ်ထားခဲ့ကြတာ။”
စိတ်ကြွဆေးတွေကို ယာဉ်အမှတ်-MDY/5A-8004 ဟိုင်းလတ်(အဖြူရောင်)(လိုင်စင်မဲ့)ရဲ့ ယာဉ်ခေါင်မိုးပေါ်မှာ တင်ထားတဲ့ ကားတာယာအဟောင်းအတွင်းနဲ့ ကားအောက်ပိုင်းက ဆီတိုင်ကီ အဟောင်းအတွင်း သိုဝှက်ထည့်ထားတာဖြစ်ပါတယ်။
အဲဒီကနေ ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ အထုပ်ကြီး ၃၅ ထုပ်ထဲက WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်လောက်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာပြီး ပိုင်ရှင်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ယာဉ်ပိုင်ရှင်နဲ့ မူးယစ်ဆေးဝါသယ်ဆောင်သူတွေကို ဖော်ထုတ် ဖမ်းဆီး နိုင်ရေး ဆောင်ရွက်နေပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေနဲ့ လိုင်စင်မဲ့ယာဉ်ကို ဘူးသီးတောင်မြို့ နယ်၊ တောင်ဘဇာနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။