တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာအုပ်စု ဆယ်အိမ်စုရွာထဲက ပြည်သူ့ ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ က တပ်ဖွဲ့ဝင်တချို့ စခန်းချထားတဲ့ တောင်ကုန်း တခုကို နိုဝင်ဘာ ၃၀ ရက် မနက် ၇ နာရီခွဲလောက် စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတောင်ကုန်းကို သိမ်းပိုက်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်က လာရောက်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးလောက် ဒဏ်ရာရရှိပြီး မသိမ်းပိုက်နိုင်ဘဲ ဆုတ်ခွာသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ၄၀ မမ ဗုံးသီးကျည်စ ထိမှန်ဒဏ်ရာရှိခဲ့ပြီး တိုက်ပွဲကြောင့် ရွာခံတချို့လည်း ဥယာဥ်ခြံတွေထဲ ရှောင်တိမ်းခဲ့ကြရတယ်လို့ ဆိုပါတယ်။
၁ နာရီလောက်အကြာ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ရှောင်တိမ်းနေတဲ့ ရွာခံတချို့ နေအိမ်ပြန်လာနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း သရက်ချောင်းကနေ ပုလောဘက် ဆင်းလာတဲ့ စစ်ကောင်စီတပ် ကား ၂ စီးကို ပုလောမြို့နဲ့ ၁၁ မိုင်လောက်အကွာ ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ ထမင်းမစားကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
တနင်္သာရီတိုင်းထဲမှာ ၂၀၂၁ ခု ဧပြီကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအကုန်အထိ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ကာ ပုလောမြို့နယ်ထဲ မှာတော့ ၃၈ ကြိမ်နဲ့ တိုက်ပွဲအများဆုံးဖြစ်ခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Southern Monitor အဖွဲ့က သိရပါတယ်။