Home
ဆောင်းပါး
အာဆီယံကို ဂျင်းထည့်ဖို့ ကြံပြန်တဲ့ မင်းအောင်လှိုင်နဲ့ ဟွန်ဆန်
DVB
·
November 28, 2022

အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးဟာ အလှုပ်အယမ်းတွေနဲ့ ခပ်သွက်သွက် ဖြစ်လာခဲ့တယ်။ နိုဝင်ဘာ ၁၁ ရက်နေ့၊ အာဆီယံထိပ်သီးအစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ ခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ရပ်ဟာ အကြမ်းဖက် စစ်အုပ်စုရဲ့  မေးရိုးပေါ် ခပ်ပြင်းပြင်းကျလာတဲ့ ဖြောင့်လက်သီးတချက် ဖြစ်ခဲ့တယ်။

စစ်အုပ်စုဟာ ဆုံးဖြတ်ချက် ၁၅ ရပ်ထဲက အချိန်အကန့်အသတ်နဲ့ အာဆီယံမူ ၅ ရပ် ဖော်ဆောင်ရေးဆိုတာကို ကြောက်ရတယ်။ အချိန်အကန့်အသတ်နဲ့ဆိုတော့ ယောင်ဝါးဝါးလုပ် အချိန်ဆွဲလို့ မရတော့တဲ့သဘော။ ပြီးတော့ အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ တွေ့ဆုံဆွေးနွေးမှာကိုလည်း သေမလောက် ကြောက်ရပြန်တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပြီဆို အနောက်အုပ်စုမှာ တရားဝင်မှုတွေရနေတဲ့ NUG အစိုးရအနေနဲ့ ဒေသတွင်းမှာပါ တရားဝင်လာဖို့ ခြေတလှမ်းတိုးလိုက်တဲ့ သဘောမို့ မင်းအောင်လှိုင် ဇောချွေးပျံရတယ်။

ပုဆိုးဂွင်းသိုင်း နိုင်ငံရေးကိုသာ ဆရာတဆူပမာ ကျွမ်းကျင်တဲ့ မင်းအောင်လှိုင်တို့ ထုံးစံအတိုင်း မြန်မာ့အရေး အာဆီယံ ကြေညာချက်ထွက်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာပင် အာဆီယံ ကြေညာချက်ကို ပယ်ချကြောင်း ထုတ်ပြန်ခဲ့တယ်။ ပယ်ချရခြင်း အကြောင်းပြချက်က သူတို့ စစ်အုပ်စုမပါဘဲ အာဆီယံ ၉ နိုင်ငံကသာ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်တာကြောင့်လို့ ဆိုတယ်။

တကယ်တော့ အာဆီယံမူ ၅ ရပ်ဆိုတာ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့မှာ မင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြုခဲ့တာဖြစ်ပေမဲ့ ဂျကာတာကနေ လေယာဉ်စီးလို့ နေပြည်တော်ပြန်ရောက်ချိန်မှာ လူကြီးလူကောင်းဆန်လှတဲ့ မင်းအောင်လှိုင်ဟာ အာဆီယံမူ ၅ ရပ်ကို လုံးဝလက်မခံကြောင်း ပြည်သူတွေကို အားတက်သရော သတ်ဖြတ်ပြခြင်းနဲ့ သက်သေပြနေခဲ့တယ်။ စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ ဘယ်လိုမှ ဆက်စပ်မရတဲ့ တောင်နဲ့ မြောက်တွေပါပဲ။ ပြောရရင် မင်းအောင်လှိုင်က အာဆီယံမူ ၅ ရပ်ကို လက်မခံကြောင်း တရားဝင် ထုတ်မပြောရဲတာကလွဲလို့ လက်တွေ့ သက်သေပြခြင်းများစွာနဲ့ အာဆီယံမူ ၅ ရပ်ကို ဆွဲဖြဲပြနေတာ တရက်မှ မပျက်ခဲ့ပါဘူး။

ဒါကို အာဆီယံကလည်း သိ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သိနေပေမဲ့ သံတမန်ရေး နည်းလမ်းကလွဲလို့ တခြားဘာမှ မစဉ်းစားနိုင်တဲ့အတွက် မြန်မာပြည်သူတွေ သေပြီးရင်း သေနေတာကို ကြေညာချက်လေးထုတ်ပြပြီး ငုတ်တုတ်ထိုင်ကြည့်နေကြတာပါ။

ပိတ်ဆို့အရေးယူမှုတွေကလွဲ ဘာမှမတတ်နိုင်တဲ့ နိုင်ငံတကာရဲ့ အခြေအနေကိုသိတဲ့ စစ်အုပ်စုကလည်း ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်တွေကို ခပ်ပြတ်ပြတ် ပယ်ချနေပေမဲ့ အာဆီယံမူ ၅ ရပ်ကိုပါ လက်မခံကြောင်း ဒီနေ့ထိတိုင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ အာဆီယံမူ ၅ ရပ်ကို ရသလောက် အချိန်ဆွဲကာ လည်သလို ကြည့်နေမယ်။ ဘယ်လိုမှ မတတ်သာတဲ့အဆုံးမှ အာဆီယံကနေ နုတ်ထွက်မယ်လို့ ပိုင်းဖြတ်ထားပုံရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ မျှော်လင့်ချက်ကြီးနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကိုတော့ ဖြစ်အောင်ပြုလုပ်မယ့်ပုံ။

နိုဝင်ဘာ ၁၁ ရက်နေ့က အာဆီယံကြေညာချက်ကို စစ်အုပ်စုက ပယ်ချလိုက်ချိန်မှာ သံတမန်ရေးလမ်းဆုံးကို ရွေးချယ်လိုက်ပြီလို့ ထင်ရပေမဲ့ နိုဝင်ဘာ ၁၇ ရက်နေ့၊ အကျဉ်းသား ၅,၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းက လမ်းဆုံးမရောက်ခင် ရသလောက် ဆက်ကစားပြီး မျှော်လင့်ကြည့်မယ့်သဘောလို့ တွက်ဆနိုင်ပါတယ်။

ဒါပေမဲ့ ပြဿနာက ရိုးသားမှုမရှိတာပါပဲ။ လွတ်ငြိမ်းခွင့်ပြုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ကူဘိုတာတို့ ပါလာတာကလွဲလို့ လွတ်ငြိမ်းချမ်းသာခွင့် အကျဉ်းသား ၅,၇၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦး (၆ ဒသမ ၉ ရာခိုင်နှုန်း) သာ ပါဝင်ခြင်းနဲ့ လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ကျရက်ပြည့်ခါနီးတဲ့သူတွေ ဖြစ်နေခြင်းက စစ်အုပ်စုရဲ့ ကလိမ်ဉာဏ်ကို ဖော်ပြနေပါတယ်။

လွတ်ငြိမ်းခွင့်ပေးပြီးပြီးချင်းမှာပဲ စစ်အုပ်စုရဲ့ မိတ်ဘက်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက တကမ္ဘာလုံးကြားအောင် လက်သီးလက်မောင်းတန်း ကြိုဆိုခဲ့ရုံတင်မက လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း တတိယအကြိမ်မြောက် နေပြည်တော်သွားမယ်လို့တောင် ပြောလိုက်ပါသေးတယ်။

လွတ်ငြိမ်းခွင့်ပေးတာဟာ အာဆီယံက ချမှတ်ထားတဲ့ မူ ၅ ချက်နဲ့ လိုက်လျောညီထွေရှိပြီး မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် ကောင်းမွန်တဲ့လက္ခဏာ ဖြစ်တယ်လို့ ပရက်ဆော့ခွန်းက ပြောချလိုက်ပါတယ်။

သူက နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် လွှတ်သလဲ၊ လွှတ်လိုက်တဲ့ နိုင်ကျဉ်းတွေက လွတ်ရက်နီးနေသူတွေလားဆိုတာ မစူးစမ်းဘဲ အာဆီယံမူ ၅ ရပ်နဲ့ကို လိုက်လျောညီထွေ လုပ်ပစ်လိုက်တာပါ။

ပြီးတော့ နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး စစ်အုပ်စုဟာ အာဆီယံအဖွဲ့အတွင်း ဖိအားပေးမှုနဲ့ ဝိုင်းပယ်ခြင်း ခံထားရပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ပြောကြားလိုက်ပြန်ပါတယ်။ ပြီးတော့ အာဆီယံမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ အပိုင်းကွဲနေပြီး အာဆီယံနိုင်ငံတွေထဲ သူတို့နဲ့ပတ်သက်ပြီး ရပ်တည်ပေးတဲ့နိုင်ငံတွေ ရှိသေးတယ်လို့လည်း ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

အာဆီယံနိုင်ငံတွေထဲက စစ်အုပ်စုကို ထောက်ခံနေတဲ့နိုင်ငံ ဘယ်နိုင်ငံလဲဆိုတာ ဇော်မင်းထွန်းက ထုတ်မပြောပေမဲ့ ကမ္ဘောဒီးယားဟာ အခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်း အာဆီယံဥက္ကဋ္ဌ လုပ်ပိုင်ခွင့်အာဏာနဲ့ စစ်အုပ်စုဘက်က ပြတ်ပြတ်ပင်းနေတာ အားလုံးမျက်မြင်ပါပဲ။ ဆိုတော့ အဲဒီထောက်ခံအားတွေနဲ့ အာဆီယံကလည်း မထွက်၊ အာဆီယံမူ ၅ ရပ်ကိုလည်း လက်မခံဘဲ မျက်နှာပြောင်တိုက်ကာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မယ်လို့ ပြောလိုက်သလိုပါပဲ။

အခုလက်ရှိမှာတော့ ၂၀၂၃ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာဖိအားတွေ လျော့ပါးလာမလားဆိုပြီး မရိုးသားတဲ့ လွတ်ငြိမ်းတွေ လုပ်ပြ၊ ပရက်ဆော့ခွန်းက လက်သီးလက်မောင်းတန်းပြ။ ဟော၊ အခု နိုဝင်ဘာ ၂၃ ရက်နေ့၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဟွန်ဆန်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အကြံဉာဏ်ပေးလိုတယ်လို့တောင် ထပ်ကမ်းလှမ်းလိုက်ပြန်ပါသေးတယ်။

ဟွန်ဆန်ဟာ တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်တချို့နဲ့ မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး အသံကောင်းဟစ်စဉ်က ချက်ချင်း ထောက်ခံရုံတင်မက အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံတဲ့သူတွေဟာ တိုင်းပြည်အပေါ် စေတနာပျက်နေသူတွေပမာ မြန်မာပြည်သူတွေအပေါ် စော်ကားခဲ့တဲ့ ရာဇဝင်ရှိသူဆိုတော့ ဟွန်ဆန်ပေးချင်တဲ့ ငြိမ်းချမ်းရေးအကြံဉာဏ် ဘာလဲဆိုတာ အထူးပြောစရာမလိုဘူးလို့ ထင်ပါတယ်။

မြန်မာပြည်သူတွေက ဟွန်ဆန်ဆိုရင် မင်းအောင်လှိုင် အဓွန့်ရှည်ရေးကို နိုင်သလောက် ထမ်းပိုးနေသူလို့ ယုံကြည်ပြီးသားမို့ အင်မတန်ဖြောင့်မှန်တဲ့ ငြိမ်းချမ်းရေးအကြံကောင်း ဖြစ်ခဲ့ရင်တောင် နောက်ကွယ်မှာ မြန်မာပြည်သူတွေကို ဒုက္ခပေးနိုင်တဲ့ အကြံဆိုး ရှိနေဦးမယ်ဆိုတဲ့ သံသယနဲ့ ပယ်ချဦးမှာပါ။

ပြီးတော့ အခုအချိန်မှာ အာဆီယံရော နိုင်ငံတကာပါ အသိအမှတ်ပြုထားတဲ့ အာဆီယံမူ ၅ ရပ်ဆိုတာ ရှိပြီးသားမို့ အာဆီယံမူ ၅ ရပ်ကို ဝေဝါးစေပြီး မူ ၅ ရပ်နဲ့အပြိုင် ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ် ကောက်ထောင်ရမယ့်အချိန်လည်း မဟုတ်ပါဘူး။ အာဆီယံမူ ၅ ရပ်ထဲမှာပါတဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာ ဘယ်ပြည်သူကမှ အဖက်မလုပ်တဲ့ အပစ်ရပ်တချို့နဲ့ ငြိမ်းချမ်းရေးစကား ပြောတာမျိုးကိုလည်း မဆိုလိုဘူးဆိုတာ အားလုံးအသိပါပဲ။

စစ်အုပ်စုကသာ အာဆီယံမူ ၅ ရပ်ကို တကယ်လိုက်နာလိုစိတ် ရှိတယ်ဆိုရင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ခြေဆင်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ကို တပတ်အတွင်း အပြတ်ဖော်ဆောင်နိုင်ပါတယ်။

အခု စစ်အုပ်စုလုပ်နေတာက ၂၀၂၃ ရွေးကောက်ပွဲဆီ နိုင်ငံတကာဖိအားနည်းစွာနဲ့ ရောက်ရှိရေး ဖြစ်ပါတယ်။ အဲဒီအတွက် အယောင်ပြ လွတ်ငြိမ်းလုပ်တယ်။ ပရက်ဆော့ခွန်းက ထောက်ခံတယ်။ အာဆီယံကနေ စစ်အုပ်စုမထွက်ဘူးလို့ ပြောတယ်။ ဟွန်ဆန်က ငြိမ်းချမ်းရေး အကြံပေးမယ်လို့ ဆိုတယ်။ အဲဒါတွေဟာ ဒါပြီးရင် ဒါလုပ်မယ်ဆိုပြီး ဆင်ထားတဲ့ ဇာတ်ညွှန်းတွေလို့ နားလည်ရပါတယ်။

စစ်အုပ်စုဆိုတာ အာဏာသိမ်းထားတဲ့သူတွေမို့ ရွေးကောက်ပွဲလုပ်ခွင့်ကို မရှိပါဘူး။ အာဆီယံမူ ၅ ရပ် ဆိုတာလည်း ၂၀၂၃ ရွေးကောက်ပွဲနဲ့ ဘာဆိုဘာမှ မဆိုင်ပါဘူး။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024