ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဝိန်းဆိုင်ရွာမှာ နိုဝင်ဘာ ၂၂ ရက် ည ၁၁ နာရီ မိနစ် ၂၀ လောက်က တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်ဝင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် ၈၅ နှစ်ရွယ် အမျိုးသမီးကြီးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ည ၁၁ နာရီ မိနစ် ၂၀ ကျော်ခန့်မှာ။ ဒီက အဘွားတယောက်ကို ထိသွားတယ်။ အိမ်ရှေ့မှာကို လာကျတာ။ တိုက်ပွဲမဖြစ်ဘူး၊ ရမ်းသန်းပစ်တာ” လို့ ပြောပါတယ်။
အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်မိတုန်ရွယ်ဟာ အိမ်ရှေ့ တဲအိမ်နား လက်နက်ကြီးကျလာကာ ပေါက်ကွဲစတွေ ထရံကနေ ဖောက်ဝင်ပြီး ခြေထောက်နဲ့ ခါးမှာ ကျည်စ ၂ ခုထိမှန် ဒဏ်ရာရသွားတာလို့ သွားရောက်ကူညီပေးတဲ့ ဒေသခံတဦးက ပြောပါတယ်။
နေအိမ်ခေါင်မိုးတွေလည်း ကျည်စတွေ ထိမှန်ပျက်စီးသွားပြီး နောက်ထပ် ဈေးရှိတဲ့ ရပ်ကွက်ဘက်မှာ တလုံးကျပေမဲ့ နေအိမ်ထိခိုက်တာမရှိဘဲ ဆေးရုံကုန်းဘက်လည်း လက်နက်ကြီးကျည် ကျပေမဲ့ မပေါက်ကွဲဘူးလို့ ဆိုပါတယ်။
မိသားစုဝင်တဦးက “ဟုတ်တယ်။ ငါတို့အဘွား ထိသွားတယ်။ မနေ့က မူဆယ်ဆေးရုံခေါ်လာတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီဝန်းကျင်လောက်ကလည်း စစ်ကောင်စီတပ်က ဒွမ်ဒုရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဝိန်းဆိုင်ရွာအနီးက မန်ကန်ရွာထဲက နေအိမ်ခြံဝင်းတခု ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။
“တနေ့ညလည်း မန်ကန်ဘက် ပစ်ထည့်တယ်။ ရွာထဲ တခုလာကျတယ်။ ပေါက်ကွဲတယ်။ အဲဒါ ခြံဝင်းမှာ။ သစ်ပင်ကိုလာထိတာ။ လူကတော့ နည်းနည်းပဲ စင်ထိတယ်။”
ဝိန်းဆိုင်ဝန်းကျင်မှာတော့ တိုက်ပွဲမဖြစ်တာ လအနည်းငယ်ရှိပြီ ဖြစ်ပေမဲ့ အခုလို လက်နက်ကြီးတွေ ရွာထဲပစ်နေတာကြောင့် မလုံခြုံတဲ့အပြင် အန္တရာယ်ကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကလည်း တိုက်ပွဲမဖြစ်ဘဲ ဘန်ကမ်းရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးပြီး တဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
ဝိန်းဆိုင်ရွာဟာ မုံးပေါ်ဒေသမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဒေသတခု ဖြစ်သလို စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားရာ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ကေအိုင်အေ၊ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေဖြစ်တဲ့ MNDAA၊ TNLA၊ SSPP/SSA တို့ အဓိက လှုပ်ရှား သွားလာရာနေရာ ဖြစ်ပါတယ်။