ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတဲ့ ရွာသား ၈ ယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးအသိုက်အဝန်းထံက သိရပါတယ်။
ပြန်လွတ်လာသူတွေကတော့ တန်းခိုးကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးမောင်ဝင်းကြိုင်၊ အသက် ၅၁ နှစ်အရွယ် ဦးဦးမောင်သိန်း၊ အသက် ၅၅ နှစ်အရွယ် ဦးဂျော်ဂျီအောင်၊ အသက် ၄၈ နှစ်အရွယ် ဦးမောင်သိန်း၊ ကျွဲထိုးရွာက အသက် ၄၅ နှစ်အရွယ် ဦးထွန်းလှအေး၊ ကွန်းတောင်ရွာက အသက် ၂၅ နှစ် အရွယ် ကိုနေထက်လင်း၊ အသက် ၂၈ နှစ်အရွယ် ကိုလတ်နဲ့ အသက် ၃၆ နှစ်အရွယ် မောင်ဟန်ဝင်းတို့ဖြစ်ကြပါတယ်။
သူတို့ ၈ ယောက်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာပဲ ပြန်လွှတ်ပေးလိုက်တာလို့ တန်းခိုးကျေးရွာက ဆွေမျိုးနီးစပ်တော်စပ်သူတယောက်က ပြောပါတယ်။
“ပြန်လွတ်လာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ လက်ကိုင်ဖုန်းတွေက အသိမ်းခံထားရတော့ ကျနော်တို့ဘက်ကဆက်သွယ်လို့ မရဘူး။ စစ်တွေမြို့နယ် နာရီကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီကနေတဆင့် ပြန်လွှတ်ပေးတာလို့ သိရတယ်။ ရွာကိုတော့ ပြန်မရောက်သေးဘူး။ ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းလည်း ပိတ်ထားတာဆိုတော့ ဘယ်လမ်းကြောင်းကနေ ပြန်မယ်ဆိုတာကိုတော့ မသိရသေးဘူး။”
ကွန်းတောင်ကျေးရွာက ဒေသခံ ၃ ယောက်ကတော့ ပုဏ္ဏားကျွန်းမြို့ကို ဆေးသွားကုတဲ့ အချိန် လက်နက်ကြီးတွေပစ်ခတ်သံကြားလို့ တန်းခိုးရွာကိုဝင်ပြေးပြီး ဗုံးခိုတွင်းထဲမှာဝင်ပုံးနေတဲ့အချိန် ဖမ်းဆီးခံရခံရကာ သူတို့မှာပါလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကိုလည်း စစ်တပ်က ပြန်မပေးဘဲ သိမ်းဆည်းသွားတယ်လို့ ဖမ်းဆီခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၀ ရက်ညမှာ ဆင်အင်းကြီးရွာရှိ အပြစ်မဲ့ပြည်သူ ၁၀ ယောက်ကို သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့လို့ နေအိမ် ၃၅ လုံး လောက်မီးလောင်ကျွမ်းခဲ့သလို နိုဝင်ဘာ ၁၁ ရက် မနက်မှာလည်း ခမရ ၅၅၀ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒီပါရုံကျေးရွာက ပြည်သူ ၂ ယောက်သေဆုံးခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ် ကြည်းရေလေ ပူးပေါင်းထိုးစစ်ဆင်နေလို့ ကျေးရွာ ၁၀ ကျော်လောက်က ပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လူသားချင်းစာနာမှု အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။