Home
ဆောင်းပါး
ကားဂိတ်
DVB
·
November 19, 2022

ဒီနေရာကို ဘယ်သူများ စိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာခဲ့ဖူးသလဲ။ အဖြေကတော့ ရှင်းပါတယ်။ အင်မတန် အရေအတွက် နည်းပါးပါလိမ့်မယ်။ ဒါမှမဟုတ် တယောက်တလေမျှပင် ရောက်လာဖူးခြင်း မရှိသေးဘူးလို့ပဲ ပြောနိုင်မယ်ထင်ပါတယ်။ ဟုတ်တယ် …။ ဒီနေရာကို ဘယ်သူများ စိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာနိုင်ကြမလဲ။

ဒီနေရာကို ရောက်လာလေ့ရှိကြသူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်သလဲ။ ဒီနေရာမှာလည်း ငွေကြေးပြည့်စုံချမ်းသာတဲ့သူတွေတော့ ရောက်လာနိုင်ဖို့ မရှိနိုင်ပါဘူး။ ဒါမှမဟုတ် အရေအတွက် အင်မတန်နည်းတဲ့ ငွေကြေးပြည့်စုံသူတွေဟာ ဒီနေရာကို ရောက်လာနိုင်လိမ့်မယ်။ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ကားတွေ၊ ဆိုင်ကယ်တွေနဲ့သာ ခရီးသွားလာကြမှာပဲ မဟုတ်ဘူးလား။ သေချာတာကတော့ ဆင်းရဲသားနဲ့ လူလတ်တန်းစားတွေပဲ ဒီနေရာကို ရောက်လာကြလေ့ရှိတယ်ဆိုတဲ့ အချက်ပါပဲ။

“ဒီနေရာ” လို့ ညွှန်းတဲ့နေရာကတော့ “ကားဂိတ်” တခုကို ကျနော်ဆိုလိုတာပါ။ မှန်ပါတယ်။ “ကားဂိတ်” ကို ဘယ်သူတွေ ရောက်လာလေ့ရှိသလဲ။ ရောက်လာလေ့ရှိသူများဟာလည်း စိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာခဲ့ကြသလား။

ကျနော်လည်းပဲ “ကားဂိတ်” ကို ရောက်ဖူးတယ်။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီမို့ “ကားဂိတ်” တွေကို ဘယ်နှခေါက် ရောက်ဖူးတယ်ဆိုတာ မမှတ်မိနိုင်လောက်အောင်ပါပဲ။ မှတ်မှတ်ရရပြောရရင် “ကားဂိတ်” ကို ကျနော် ဘာကြောင့်ရောက်ခဲ့ရသလဲဆိုတဲ့ အဖြေကို စဉ်းစားတဲ့အခါ ရင်ထဲမှာ ဘယ်လိုမှ မေ့လို့မရနိုင်လောက်အောင် မှတ်မိနေတာတွေလည်း ရှိပါတယ်။

တခါကတော့ “ကားဂိတ်” ကို ကျနော်ရောက်လာခဲ့ပါတယ်။ “ကားဂိတ်” ကို ကျနော်ရောက်သွားတော့ ကားဂိတ်မှာ လူစည်နေတဲ့ ညနေရုံးဆင်း၊ ရုံးတက်အချိန်။ ကျနော်ကတော့ ကားဂိတ်မှာ ကားစောင့်ပြီး တနေရာရာကိုသွားဖို့ မဟုတ်ပါဘူး။ ဒီကနေ့ညနေ ရောက်လာမယ်ဆိုတဲ့ “အဖေ့” ကို စောင့်ကြိုဖို့ ရောက်ခဲ့တာပါ။ “အဖေ” ဟာ ကျနော်တို့မိသားစုနဲ့ခွဲပြီး နေခဲ့ရတာ ၂ နှစ်ကျော်ပြီလေ။ ကျနော့်စိတ်ထဲ “အဖေ့” ရုပ်ပုံလွှာကို မှန်းဆကြည့်မိတယ်။ အဖေဟာ ဆံပင်တွေဖြူကုန်ပြီလား။ “အဖေ” ဟာ အရင်ကထက် အိုစာသွားပြီလား။ အဖေ့အရပ်ဟာ အရင်ကထက် နိမ့်သွားပြီလား။ အရင်တုန်းကလိုပဲ ရယ်ရယ်မောမောနဲ့ စကားတွေပြောတတ်သေးရဲ့လား။ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ “အဖေ” ဘာတွေတွေးနေခဲ့သလဲ။ ဒီလိုနဲ့ မရေရာ မသေချာတဲ့၊ တည်ငြိမ်မှုမရှိဘဲ နေရာအနှံ့ ပြေးလွှားနေတဲ့စိတ်တွေနဲ့ ကားဂိတ်မှာ အချိန်အကြာကြီး ရပ်နေခဲ့မိပါတယ်။ ရပ်စောင့်ရတာကြာလို့ ကံအားလျော်စွာ လူမထိုင်ဘဲ လပ်နေတဲ့ လမ်းဘေးက ခုံတန်းအစွန်းမှာ သွားထိုင်လိုက်ပါတယ်။ ကျနော်ရောက်ပြီး ကား ၂ စင်း ဆိုက်လာပြီးသည့်အထိ “အဖေ” ကတော့ ပါမလာသေးပါဘူး။

ကားတစင်းထိုးဆိုက်တဲ့အခါ လူတွေအားလုံးလိုလို ခေါင်းတွေထောင်ပြီး လှမ်းကြည့်ကြပါတယ်။ ဒီတော့မှပဲ စိတ်ပြေလက်ပျောက် ပတ်ဝန်းကျင်ကို အာရုံပြောင်းတဲ့အနေနဲ့ လိုက်ကြည့်မိပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတချို့ရဲ့ မျက်နှာတွေကို လိုက်ဖတ်ကြည့်ပါတယ်။ သူတို့တတွေရဲ့ရင်ထဲက နှလုံးသားကြိုးညှိသံကို ခိုးပြီး နားထောင်ပါတယ်။ ကျနော်နဲ့ မလှမ်းမကမ်း ‌ဗာဒံပင်လေးရဲ့အောက်မှာ ပြောင်းဖူးဖုတ်သည် မိန်းကလေးကို တွေ့ပါတယ်။ သူ့ပခုံးပေါ်၊ သူ့ဆံပင်တွေပေါ်မှာ ပြာတချို့ ကပ်နေပါတယ်။ အုတ်ခဲခုထားတဲ့သွပ်ပြားပေါ်၊ မီးကျီးခဲများပေါ် တန်းစီပြီး တင်ထားတဲ့ ပြောင်းဖူးတွေကို မီးညှပ်နဲ့လိုက်ပြီး ဟိုလှည့်ဒီလှည့် လုပ်၊ ယပ်တောင်နဲ့ ယပ်ခတ်ပြီး မီးရှိန်မသေအောင် လုပ်ရနဲ့ သူ့မှာ အလုပ်ရှုပ်နေရှာပါတယ်။ အဲဒီအချိန်မှာပဲ ကားတစင်း ဆိုက်လာတဲ့အခါ ပြောင်းဖူးဖုတ်သည်လေးဟာ ခေါင်းကိုမော့ပြီး ကားဆီလှမ်းမျှော်ပြီး ကြည့်ပါတယ်။ ကားပေါ်ကဆင်းလာတဲ့ လူတွေထဲက တယောက်ယောက်များ သူ့ဆီကို တန်းပြီး လျှောက်လာလေမလား။

ကျနော်လည်းပဲ ကားပေါ်ကလူတွေထဲမှာ “အဖေ” များ ပါလာလေမလား မျှော်လင့်တကြီး ကြည့်ပါတယ်။ လူအုပ်ကွဲသွားတဲ့အထိ “အဖေ့” ကို မတွေ့ရပါဘူး။ ပြောင်းဖူးဖုတ်သည်လေးဆီကိုလည်း ဘယ်သူမှ လျှောက်လာတာ မတွေ့ရပါဘူး။

ဗာဒံပင်နဲ့ မလှမ်းမကမ်းမှာ ကွမ်းယာဆိုင်တဆိုင် ရှိပါတယ်။ ကွမ်းယာဆိုင်ဆိုပေမဲ့ တခြား စုံစီနဖာမျိုးစုံ ကြပ်သိပ်နေအောင်ချိတ်တွဲပြီး ရောင်းနေတာ တွေ့ရပါတယ်။ ကွမ်းယာဆိုင်ဘေးမှာ ခုံတန်းတခုချထားပြီး ခုံတန်းပေါ်မှာကျတော့ လူတယောက်ဟာ လူမှန်းသူမှန်း မသိလောက်အောင် မူးပြီးအိပ်နေတာ တွေ့ရပါတယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က ခဏခဏ သူ့ကို အော်ငေါက်ပြီး နှင်ပေမဲ့ သူကတော့ နေရာရွှေ့မသွားပါဘူး။ မူးပြီး ခုံတန်းပေါ်က ခဏခဏပြုတ်ကျလည်း သူကတော့ ခုံတန်းပေါ် အားယူပြီး ပြန်အိပ်နိုင်အောင် ကြိုးစားနေတာပါပဲ။ အမြင်မတော်တဲ့လူတချို့က သူ့ရဲ့ မလုံမလဲ ပုဆိုးစကို ဆွဲဖုံးပေးသွားကြပါတယ်။

ကားလမ်းဘေး၊ ပလက်ဖောင်းပေါ်က “အိပ်တန်းဆင်းငှက်ကလေးတကောင်” ကိုလည်း ကျနော်တွေ့ပါတယ်။ သူဟာ ကားဂိတ်မှာ တယောက်ယောက်ကို လာကြိုတာ၊ ဒါမှမဟုတ် တနေရာရာကို ခရီးထွက်ဖို့ ကားလာစောင့်တာ ဖြစ်မယ်မထင်ပါဘူး။ သူ့ကို ဒီကားဂိတ်တဝိုက်မှာ မကြာခဏ ကျနော်တွေ့ခဲ့ဖူးတာပဲ။ သူ့ကို ကျနော်ကြည့်နေတာ တွေ့သွားဟန်တူပါတယ်။ ကျနော့်ကို တချက် စူးစူးဝါးဝါး စိုက်ကြည့်ပါတယ်။ ပြီးတော့ မခို့တရို့ ပြုံးပြပါတယ်။ ပြီးတော့ ကျနော့်ဘက်ကို လုံးလုံးလျားလျားလှည့်ပြီး ရပ်လိုက်ပါတယ်။ ဒီအခါမှာတော့ ကိုယ်ရည်ရွယ်ရာ လွဲသွားမှာစိုးတဲ့အတွက် သူ့ဘက်ကိုလှည့်ထားတဲ့ မျက်နှာကို တဖက်ကိုပြန်ပြီး လှည့်လိုက်ရပါတယ်။ သူနဲ့ပတ်သက်ပြီး လုံးလုံးလျားလျား စိတ်မပါသလို စိတ်မဝင်စားသလို အနေအထားမျိုးနဲ့လည်း နေပြလိုက်ရပါတယ်။ ခဏကြာတော့ အဲဒီ အိပ်တန်းဆင်းငှက်ကလေးဟာ စိတ်ဓာတ်ကျတဲ့ မျက်လုံးတွေနဲ့ တဖက်ကို ပြန်လှည့်သွားခဲ့ပါတယ်။

ကားတစင်းဆိုက်လာတဲ့အခါ ကားပေါ်ကဆင်းလာတဲ့လူအုပ်ကို ကြည့်ရင်းက ကျနော်နဲ့ကျောင်းနေဘက် အခုတော့ မူလတန်းပြဆရာမလုပ်နေတဲ့ ကျောင်းဆရာမ “ဒေါ်နှင်းပွင့်” ကို ကျနော်တွေ့ရပါတယ်။ “ဒေါ်နှင်းပွင့်” ကားပေါ်ကဆင်းလာတော့ သူ့ဆီကို သွားပြီး နှုတ်ဆက်ဖို့ ကျနော် စဉ်းစားပါသေးတယ်။ ဒါပေမဲ့ သူက ကျနော်ရှေ့ကို လျှောက်လာနေတဲ့အတွက် ထိုင်နေရာကပဲ သူ့ကို စောင့်နေလိုက်ပါတယ်။ “ဒေါ်နှင်းပွင့်” ရဲ့ လက်ထဲမှာ ခြင်းတောင်းကလေးတခု ပါလာပါတယ်။ ကျနော့်ရှေ့ကို ရောက်လာသည့်တိုင် ဒေါ်နှင်းပွင့်က ကျနော့်ကို မမြင်ပါဘူး။ ဆယ်နှစ်ကျော်ကျော် ဆင်ခြေဖုံးရပ်ကွက်ကတဆင့် မြို့လယ်က စာသင်ကျောင်းကို ကျောင်းဆင်းကျောင်းတက် လုပ်ခဲ့ရတဲ့၊ မိသားစု စားဝတ်နေရေးကို ကျောင်းဆရာမတဖက်ကလုပ်၊ ညဈေးတန်းမှာ လမ်းဘေးဈေးသည် လုပ်ခဲ့ရတဲ့ “ဒေါ်နှင်းပွင့်” ကို ကျနော် နှုတ်ဆက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ နှုတ်မဆက်တော့ဘဲ ဒီအတိုင်း ငြိမ်ပြီး နေလိုက်မိပါတယ်။

“ဒေါ်နှင်းပွင့်” ရဲ့လက်ထဲက ခြင်းတောင်းထဲမှာ ကန်စွန်းရွက် ခပ်နွမ်းနွမ်းတစည်း၊ ငှက်ပျောဖူး တခြမ်းကို ကျနော် တွေ့ရပါတယ်။ သူဟာ လမ်းဘေးမှာ အထင်အရှားကြီးထိုင်ပြီး သူ့ကို စိုက်ကြည့်နေတဲ့ ကျ‌နော့်ကို လုံးဝကိုပဲ မတွေ့ပါဘူး။ သူ့မျက်လုံးတွေ၊ သူ့စိတ်တွေဟာ ကားဂိတ်မှာ ရှိဟန်မတူပါဘူး။ သူနဲ့ အနီးကပ်ရှိနေဟန် မတူပါဘူး။

ကားဂိတ်မှာ ကျနော်ရောက်နေတာ ၂ နာရီနီးပါး ရှိလာခဲ့ပြီ။ ခရီးသည်ကားတွေလည်း အလာကြဲသွားခဲ့ပြီ။ အကျဉ်းထောင်က လွတ်မြောက်ပြီး အိမ်ကိုပြန်လာမယ်ဆိုတဲ့ “အဖေ” ကတော့ ရောက်မလာခဲ့ပါဘူး။ ကားဂိတ်မှာ “အဖေ့” ကို စောင့်မျှော်ရင်းနဲ့ ကားဂိတ်တခုရဲ့ အခင်းအကျင်း၊ ကားဂိတ်မှာ တွေ့ရမြင်ရတဲ့လူတွေကို ထိုင်ကြည့်၊ ထိုင်တွေးရင်းက နေစောင်းလာတဲ့အခါ ကျနော်လည်း အိမ်ပြန်လာပါတယ်။ “အဖေ” ကတော့ ကျနော်အိမ်ပြန်တဲ့အထိ “ကားဂိတ်” ကို ရောက်မလာခဲ့ပါဘူး။

“အဖေ” နဲ့ ကျနော်တို့မိသားစုဟာ ၂ နှစ်ကျော်ခွဲပြီး နေခဲ့ရသည့်တိုင် ကျွန်တော့်စိတ်ထဲမှာတော့ “အဖေ” ဟာ အိမ်မှာပဲရှိနေတယ်လို့ ခံစားရပါတယ်။ လူချင်းခွဲနေကြရပေမဲ့ ကျနော်တို့မိသားစုဟာ အဖေနဲ့ စိမ်းမသွားကြပါဘူး။

တခါ … “ကားဂိတ်” မှာရှိတဲ့လူတွေ၊ တွေ့ခဲ့ရတဲ့လူတွေကိုလည်း ကျွန်တော်ပြန်တွေးမိပါတယ်။ ပြောင်းဖူးဖုတ်သည် မိန်းကလေး၊ အိပ်တန်းဆင်းငှက်ကလေး၊ ကျောင်းဆရာ “ဒေါ်နှင်းပွင့်”၊ ခုံတန်းပေါ်က အရက်မူးသမား…။ သူတို့အကြောင်း စဉ်းစားတော့လည်း အားလုံးအတွက် ကျ‌နော် စိတ်မကောင်းခဲ့ရပါဘူး။ သူတို့အားလုံးဟာ ကျနော့်ဘဝနဲ့ ဘာမှမခြားနားပါဘူး။ ဒီလို လူတွေအားလုံးရဲ့ကြားမှာ ကျနော်တို့တတွေ မမြင်နိုင်တဲ့ “မေတ္တာ”၊ ဒါမှမဟုတ် “သံယောဇဉ်”၊ ဒါမှမဟုတ် “ကိုယ်ချင်းစာတရား” လို့ဆိုနိုင်တဲ့ “ချည်သားကြိုးမျှင်” တချောင်းဟာ၊ ကျနော်တို့တတွေ တယောက်နဲ့တယောက် ဆန့်ကျင်ကွဲထွက်မသွားရအောင် ပုတီးစေ့တွေလို သီကုံးထားသလားလို့တောင်မှ တွေးလိုက်မိပါတယ်။

အိမ်ပြန်ရောက်တော့ အိမ်တွေ မီးထွန်းထားကြပါပြီ။ “အဖေ” ရောက်မလာတဲ့အကြောင်း “အမေ” နဲ့ “ညီလေး” ကို ပြောပြပြီး အိပ်ယာဆီကိုပဲ လျှောက်လာခဲ့ပါတယ်။ စာအုပ်ပုံထဲက မှတ်စုစာအုပ်တအုပ်ကို ဆွဲယူလိုက်ပါတယ်။ စာမျက်နှာတချို့ကို လှန်လှောပြီးမှ ကဗျာဆရာ “စည်သူငြိမ်း” ရဲ့ ကဗျာလေးကို ကျနော်ဖတ်နေမိပါတယ်။ ကဗျာကို ဆုံးအောင်ဖတ်ပြီးတဲ့အခါ ကျနော့်ရင်တွေ တုန်ခါလျက် ကျန်ရစ်ခဲ့ပါတယ်။

ကားဂိတ်

.........

တိတ်ဆိတ်နေလို့ မရဘူး

မျှော်လင့်ချက်တန်းလန်း ဖွားလျားနဲ့

ဘဲငန်းများ အရပ်ရှည်ပြိုင်ကြ

မုန့်ဟင်းခါး၊ ကွမ်းယာ

လက်ဖက်ရည်၊ ဆေးလိပ်နဲ့စုံစီနဖာ

ချည်သားကောင်းကောင်း သီထားလို့သာပေါ့

ခွေးခြေပုလေးများပေါ်

သစ်ပင်များအောက်

ရင်တမမနဲ့ စိတ်တွေမွမွကြေမှာ စိုးရတယ်။

စည်သူငြိမ်း

မဟေသီ ၊ ၂၀၀၅ ၊ မတ်လ

ငြိမ်း​ဝေ (ကဗျာ့အိုးဝေ)

(“ခေတ်ပေါ်” ကဗျာတွေကို ခံစားနားလည်ရခက်တယ်ဆိုတဲ့ တူမောင် “ခေတ်ဦးထွန်း” သို့)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024