Home
ဆောင်းပါး
ဖျက်တိုင်း ပျက်ကြရမယ့်ဘဝတွေ
DVB
·
November 17, 2022

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး ၅ ခု နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းရမည်ဟု စစ်တပ်က နိုဝင်ဘာ ၁၃ ရက်က ရာဇသံပေးသွားသည်။ ဤသည်မှာ အာဏာသိမ်းပြီးနောက် အများပြည်သူ နေထိုင်ရပ်ဝန်းကို ပထမဆုံးအကြိမ် ဖျက်ဆီးခြင်းတော့ မဟုတ်။ သည့်အရင်ကလည်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မန္တလေး၊ ပြည် စသည့်မြို့များတွင် ကျူးကျော်ရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အဓမ္မ ဖြိုဖျက်ခဲ့ကြပြီးဖြစ်၏။ မင်္ဂလာဒုံ ရပ်ကွက်ကြီး ၅ ခု ဖြိုဖျက်မှုကမူ ပထမဆုံး မဟုတ်သော်လည်း ပမာဏများသော အိမ်ခြေများကို တလုံးတခဲတည်း ဖျက်ဆီးခြင်းဟု ဆိုရပေမည်။

ထိခိုက်ခံစားရမည့် ပမာဏ များသည်။ အိမ်ခြေ ၁၀,၀၀၀ ခန့်နှင့် လူဦးရေ ၅၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပေတော့မည်။ စစ်ကောင်စီတပ်ဘက်က ၎င်းတို့၏ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ပျဉ်းမပင်စက်မှုဇုန်ဧရိယာ ဖြစ်နေ၍ဟု အကြောင်းပြသည်။ ရပ်ကွက်နေသူများကမူ ၎င်းတို့ နေထိုင်လာကြသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိပြီဖြစ်ကြောင်းနှင့် ယခုမှ စစ်တပ်ပိုင်ဟုဆိုကာ နှင်ထုတ်လာခြင်းကို နားမလည်ဟု ဆိုကြသည်။

မှန်ပါသည်။ မင်္ဂလာဒုံဆိုသည်မှာ လှိုင်သာယာ၊ ရွှေပြည်သာတို့ကဲ့သို့ လူနေသီးသန့်မြို့နယ် မဟုတ်။ တပ်မြို့ဖြစ်၏။ နယ်ခံတပ်ရင်း တပ်ဖွဲ့များမှ အရာရှိကြီးငယ်များသာမက စစ်ဘက်ထိပ်သီးအရာရှိကြီးများလည်း မကြာခဏ လာရောက်တတ်သည့် မြို့နယ်ဖြစ်၏။ ဤမြို့နယ် ဧရိယာအတွင်း ဤသို့သော ရပ်ကွက်များ စတင်ဖြစ်တည်စက အရာရှိကြီးများ၏ မျက်လုံးတော်က မှုန်ဝါးနေခဲ့လေသလား။ မမြင်ကန်း ဖြစ်နေလေရော့လား။ ယခုမှ ထကာ တပ်ပိုင်မြေဟုဆိုပြီး အလျှင်အမြန် ရွှေ့ပြောင်းခိုင်းတော့သည်။ စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မပါလရပ်ကွက်နှင့် မြဝတီစိုက်ခင်းရပ်ကွက်ဟူသော ရပ်ကွက်ကြီး ၅ ခုသည် လူနေအိမ်သက်သက်များသာ တည်ရှိသည့်နေရာမဟုတ်။ သာသနိက အဆောက်အဦများပင် တည်ရှိနေသည့်ဒေသဖြစ်၏။ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုပါ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

ထိုသို့ နှစ်ပေါင်း ၂၀ ကျော် တည်ရှိလာသည့် ရပ်ကွက်များကို ၅ ရက်အတွင်း ရွှေ့ပြောင်းကြရန်နှင့် မရွှေ့ပြောင်းပါက အဓမ္မဖျက်သိမ်းမည်ဖြစ်ကြောင်း မင်္ဂလာဒုံတပ်နယ်မှ ဗိုလ်မှူးမျိုးသန့်မောင် ဦးဆောင်‌ပြီး စစ်ကား ၁၀ စီးဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့က ရာဇသံပေးသွားသည်။ စစ်အုပ်စု၏ လူနေရပ်ဝန်းများကို ဖျက်ဆီးနေခြင်းမှာ ဤတနေရာတည်းသာမဟုတ်။ မန္တလေးရှိ လူနေရပ်ဝန်းများနှင့် ပြင်ဦးလွင်ဘူတာရှေ့မှ ဆိုင်ခန်းများကိုပါ ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်။ တချို့နေရာများတွင် အမှန်တကယ် ကျူးထားမှုများကို ရှင်းခြင်းဖြစ်သော်လည်း တချို့မှာ ဂရန်ရှိ အိမ်ခြံဝန်းများကိုပါ ဖျက်ဆီး သိမ်းဆည်းခံလိုက်ရခြင်းဖြစ်သည်။

ထိုသို့ ကျူးကျော်ခေါင်းစဉ်တပ် ရှင်းလင်းမှုကို သေချာစေ့ငုကြည့်လျှင် စစ်အစိုးရ လက်ထက်ကတည်းက ကျူးထားခဲ့မှုများဖြစ်သည်ကို တွေ့ရပေမည်။ ထိုစဉ်က ရပ်ကွက်ဥက္ကဋ္ဌများမှစ၍ ဒေသအာဏာပိုင်အဆင့်ဆင့်က လာဘ်ငွေယူ၊ မျက်စိမှိတ်နေခဲ့ကြသည့် အကျင့်ပျက် ခြစားမှုများကို ထင်ထင်ရှားရှား ပြန်မြင်တွေ့ကြရသည်။ တချို့ဆိုလျှင် လာဘ်ငွေ တနင့်တပိုးယူကာ ဂရန်များပင် ချထားပေးခဲ့ကြသေးသည်။ ဂရန်ပါသည်ဟု လက်ခံယုံကြည်ကာ တဆင့်ဝယ်ယူမိခဲ့ကြသူများမှာ အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်ကြရတော့သည်။ ယခင်စစ်အစိုးရ လက်ထက်က အကျင့်ပျက် ခြစားမှုများကြောင့် ဖြစ်တည်လာသော လူနေထိုင်ရာ ရပ်ဝန်းများကို ဖျက်သိမ်းရာတွင် စစ်ကောင်စီသည် မည်သည့်ကုစားမှုမှ မပေးပေ။ ကိုယ့်အထုပ် ကိုယ်ထမ်း၊ ကြိုက်သည့်နေရာလစ်ပင်။

စစ်ကောင်စီ၏ အဓမ္မပြုကျင့်မှုများသည် ဤမျှနှင့် နိဋ္ဌိတံသွားမည် မဟုတ်ချေ။ ၎င်းတို့ အာဏာအခြေခိုင်လာသည်နှင့်အမျှ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို တိုး၍ ဖျက်ဆီးကြပေဦးမည်။ ပြည်သူလူထု ဆင်းရဲဒုက္ခရောက်ကာ စားဝတ်နေရေးတည်းဟူသော အကြောင်းသုံးပါးမှလွဲ၍ နိုင်ငံရေး စိတ်မဝင်စားနိုင်အောင်၊ ခေါင်းမဖော်နိုင်အောင် လုပ်ထားခြင်းသည် မြန်မာစစ်အာဏာရှင် အဆက်ဆက်၏ မဟာဗျူဟာဖြစ်၏။ ၁၉၈၈ အရေးတော်ပုံပြီးစကလည်း မြို့ကြီးများ၏ ကျူးမဟုတ်သည့် လူနေရပ်ကွက်ကြီးများအတွင်းမှာ မလိုအပ်ဘဲ လမ်းချဲ့၍ တိုက်တာအဆောက်အဦများ ဖျက်ပေးလိုက်ရခြင်းများ ရှိခဲ့သည်။

ယခုလည်း စစ်အုပ်စု၏ ကျူးကျော်ခေါင်းစဉ်တပ် ရှင်းလင်းခြင်းသည် ရန်ကုန်၊ မန္တလေးသာမက အခြားနယ်မြို့ကြီးများဆီပါ မကြာမီ လာမည်ဖြစ်၏။ နယ်မြို့ကြီးများတွင် ဖြစ်တည်နေသော ကွက်သစ်များ၊ ရပ်ကွက်သစ်များကို မတရားရွှေ့ပြောင်းခိုင်း၍ တပ်ပိုင်မြေပြုခြင်း၊ ၎င်းတို့နှင့် ပုလဲနံပသင့်သော ခရိုနီများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို လုပ်ပိုင်ခွင့်ပေးခြင်း၊ တရုတ်နှင့် ရုရှားကုမ္ပဏီများကို မြေထိုးပေးခြင်းများ ပြုပေဦးမည်။ ငါတို့၏ ဘဝတွေသည် စစ်ခေါင်းဆောင်တစုက ဖျက်တိုင်း ပျက်ကြရမည့်ဘဝတွေ ဖြစ်လာမည်ဆိုသည်ကို လူတိုင်း သိမြင်နားလည်ထားသင့်သည်။ မိမိသည် စစ်တပ်ကို မတော်လှန်၍ မိမိအား မထိပါးနိုင်ဟု မှတ်ယူ၍ရမည်မဟုတ်။ စစ်အုပ်စုက ဘူဒိုဇာနှင့် သိမ်းကျုံးထိုးလာလျှင် မိမိလည်း လွတ်မည်မဟုတ်သည်ကို သတိချပ်သင့်သည်။

ခလုတ်ထိမှ အမိတသော ဉာဏ်နုံနဲ့သူများ မဖြစ်ကြပါစေနှင့်။ နိုင်ငံတခုလုံး၏ ခလုတ်ကန်သင်းဖြစ်သော စစ်အုပ်စုကို ဝိုင်းဝန်းရှင်းလင်းကြချိန်တွင် အချိန်မနှောင်းခင် မိမိတတ်စွမ်းသော အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

စောအဲမွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024