Home
ဆောင်းပါး
မအလ နဘေ (သရော်စာ)
DVB
·
November 14, 2022

မနက်စောစော အရုဏ်မှာနိုးလာပြီး တဲပြတင်းတံခါးကို ဖွင့်လိုက်တော့ ရုတ်တရက် တိုးဝင်လာတဲ့လေဟာ ဝင်ရိုးစွန်းဒေသကများ ကျူးကျူးကျော်ကျော် အလည်လွန်လာခဲ့သလားပဲ။ အေးစက်လွန်းလှပြီး လူကို တုန်တက်သွားပါလေ၏။

တဲပြတင်းကနေ လှမ်းကြည့်နေကျ ခပ်လှမ်းလှမ်းက တောင်တန်းကြီးကို ကြည့်လိုက်ပါတော့ နှင်းထုတွေကြားမှာ ဝိုးတဝါး။ မနီးမဝေး တဲကလေးဆီက မီးခိုးငွေ့တွေဟာ နှင်းထုနဲ့ ပေါင်းဖက်ပြီး ဝန်းကျင်ကို တအိအိဖြင့် လေးတိလေးတွဲ ပျံ့လွင့်နေပါ၏။

တဲနံဘေးသစ်ပင်ပေါ်က ငှက်ကလေးတွေကတော့ သည်လောက်အေးတဲ့အချိန်ကြီးမှာ တကိုင်းမှတကိုင်းကူးကာ အားကစားလေ့ကျင့်ခန်း လုပ်နေသလိုပါပေ။ သူတို့ကိုကြည့်ပြီး ဖေကြီးလည်း အသက်ရှူလေ့ကျင့်ခန်းလုပ်ကာ ထွက်သက်ကိုရှူထုတ်လိုက်တော့ နဂါးကြီးတကောင်ပမာ အာခံတွင်းကနေ အခိုးအငွေ့တွေ ထွက်သွားပါလေတော့၏။

ခိုနားကာ အားမွေးနေသည့် သည်ရွာကလေးကိုတော့ ‘ဆောင်း’ ရောက်လေပြီ။ မြန်မာပြည်အနှံ့ မြို့ကြီးပြကြီးတွေမှာကော ‘ဆောင်း’ ရောက်ပါပြီလား။ ‘အေး’ နေပါပြီလား။ သည်မြေ သည်ရွာကလေးမှာတော့ ခိုက်ခိုက်တုန်နေလေပြီ။

မီးတွေရှို့ လေယာဉ်တွေနဲ့ ဗုန်းတွေကြဲ၍ အဖျက်ဆီးခံခဲ့ရသည့် ရွာပေါင်းများစွာက အသက်ရှင် ကျန်ရစ်ခဲ့သူ မိသားစုပေါင်းများစွာ လူပေါင်းများစွာကို ရုတ်တရက် သတိရသွား၏။ သူတို့တွေ ဒီလိုအချိန် သည်လိုရာသီဥတု အခြေအနေဆိုးနှင့်ဆို ဘယ်လိုတွေများ ဖြတ်သန်းနေကြရမှာလဲ။

နေစရာအိမ်မရှိ၊ စားစရာ ဆန်မရှိ၊ ခြုံစရာ စောင်မရှိ၊ ဒုက္ခတွေအတိနှင့်။ လူယုတ်မာတို့၏ လူမဆန်စွာ ရက်စက်မှုအောက်မှာ ခက်ခဲပင်ပန်းလွန်းစွာ ဖြတ်သန်းနေကြရမှာ။

(ခ)

အဘစောမူးသာတို့အိမ် ရေနွေးကြမ်းဝိုင်းကိုရောက်တော့ ဝိုင်းအလယ်ကောင်မှာ အမြစ်ဆုံကြီးနှစ်ခုကို ဆိုင်ထည့်ထားတဲ့ ထင်းမီးဖိုကြီး။ အဘစောမူးသာရယ်၊ အဘစိမ်းမောင်ရယ်၊ စစ်ပြန်ကြီး အဘလုံးတုံးရယ်။ ရေနွေးကြမ်းခွက်ပူပူတွေကို ကိုယ်စီမှုတ်သောက်နေကြပါလေ၏။

“လာဟေ့ ဖေကြီး . . . ဟောသည်မှာ မင့်အဘ တပ်ကြပ်ကြီးလုံးတုံး တကူးတကယူလာတဲ့ ကြက်တောင်ပံနဲ့ ဖင်ဆီဖူးတွေကွ”

“ဟားဟား ဟားဟား ဟားဟား . . . လူပျိုကြီးဆိုတော့ ‘အတောင်ပံ’ ပဲ ရွေးစားပေါ့၊ ‘ဖင်ဆီဖူး’ တော့ မထိရဲလောက်ဘူး”

“ဟားဟား ဟားဟား ဟားဟား . . . .”

အကွက်ဝင်တာနဲ့ တခါတည်း အနှက်ခံရပါရောလားဗျာ။ ‘ဟန်ကိုယ့်ဖို့’ တော့ လုပ်မှ။

“‘လူပျိုကြီး’ ပေမဲ့လည်း ‘ဖင်ဆီဖူး’ တော့ အဘတို့လိုပဲ ကြိုက်ပါတယ် ခင်ည”

“ဟားဟား ဟားဟား ဟားဟား . . . .”

“အားရပါးရ စားကွ ဖေကြီးရ . . . ဟောဒါက တောကြက်ကြီးလုံးတုံး ‘ပွိုင့်ဖိုက်လောက်လေး’ နဲ့ ပစ်ချထားတဲ့ ‘ပုစဉ်းတောင်ပံကျိိုး’”

“ဟားဟား ဟားဟား ဟားဟား . . . .”

“ဟောဒါကတော့ အခွတ် အဆိတ် ခံရဖန်များလို့ ပြောင်သလင်းခါ အမြီးတုံးနေပြီဖြစ်တဲ့ ‘မအလ ဖင်ဆီဖူးကင်’ ပါတဲ့ဗျား . .”

“ဟားဟား ဟားဟား ဟားဟား . . . .”

“‘ရွံစရာကြီး’ ဗျာ အဘတို့ရာ . . .”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

ဆောင်းပီသလှသည့် မနက်ခင်းမှာ ကြက်ဖင်ဆီဖူးကင်နှင့် အတော်ကလေးပူလှသည့် ကောက်ညှင်းပေါင်းကို လက်ဖဝါးထဲထည့်ပြီး ဆုပ်ဆုပ်စားရတာ တယ်လည်းလိုက်ဖက်သကိုး ခင်ဗျ။ လက်တွေလည်းနွေးကာ ဝမ်းအတွင်းသို့ပါ အပူငွေ့တွေ ဝင်လာပါလေ၏ ခင်ဗျာ။

(ဂ)

ရေနွေးကြမ်းသောက်နေရင်း စကားပြောကြရင်းကနေ အဘစောမူးသာလက်ထဲမှာ စာအုပ်တအုပ်မြင်လို့ တောင်းကြည့်လိုက်တော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေကို စုပြီးထုတ်ထားတဲ့ ‘လေးချိုးပေါင်းချုပ်ကြီး’ ကိုး ခင်ဗျ။

“ငါလည်း ဒီရက်ထဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေကို ပြန်လှန်ဖတ်ဖြစ်နေသကွ ဖေကြီးရ”

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ‘ကဗျာ့ကဝိ ပါရဂူ ဆရာကြီးတဆူ’ ပါပဲ အဘရာ”

“အိမ်း . . . အမှန်ပဲကွ . . . ဆရာကြီးမှိုင်းက ‘နဘေ’ အရာမှာ ‘မန်ကျည်းရွက်ထပ်’ ကာရန်ညီ အလုံးညီစပ်တဲ့နေရာမှာ တကယ့်ပါရဂူပဲကွ။ ဖေကြီးကော ဆရာကြီးရဲ့လေးချိုးတွေ ကြိုက်လား”

“ကြိုက်တာပေါ့ အဘရာ . . . ကျနော်တို့ အထက်တန်းတုန်းက သင်ရတဲ့ ‘အညာမင်္ဂလာဆောင်’ လေးချိုးကြီးကတည်းက စကြိုက်ခဲ့ပြီး နောက်ပိုင်းတော့ ကျောင်းစာအပြင် တခြားလေးချိုးကြီးတွေကိုပါ စာကြည့်တိုက်တွေမှာ လိုက်ရှာပြီး ဖတ်ဖြစ်ခဲ့တာ”

“ဟဲ ဟဲ ဟဲ ဟဲ . . . ဖေကြီး ‘နဘေ’ ကြိုက်ပုံကတော့ ‘ဖေကြီး လေရှီး’ နာမည်က သက်သေပါပဲ ဗျား . . .”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

သည်မနက်စကားဝိုင်းကား ‘နဘေ’ အလှတွေနှင့် ထုံလွှမ်းနေလေသည့် ‘လေးချိုး’ ကြီးများနှင့် မြိုင်လှပါပေ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏လေးချိုးကြီးတချို့ကို အဘစောမူးသာက တလှည့်၊ အဘလုံးတုံးကတပုဒ်ဖြင့် အသံနေအသံထား ဋ္ဌာန်ကရိုင်းကျကျ ရွတ်ကြလေရာ မထင်မှတ်ပါဘဲ ‘ကဗျာရွတ်ပွဲ’ တခုထဲသို့ ရောက်ရှိသလို ခံစားရပါပေတော့၏။

“အခုအချိန်မှာ ‘ငါတို့ကတော့ အသက်ကြီးပါပြီကွာ . . . . အနာဂတ်နိုင်ငံတော်အတွက် တိုက်ပွဲဝင်ဖို့ရာ လူငယ်တွေကိုပဲ အားကိုးရတော့မှာ’ ဘာညာဆိုပြီး ကိုယ်နဲ့မဆိုင်သလို ဘေးထွက်ထိုင်နေတဲ့လူတွေကို မြင်ရဖန်များလာတော့ ဆရာကြီးရဲ့ ဟိုလေးချိုးကြီးကို သတိရမိသကွ”

“ဘယ်အပုဒ်လဲ အဘ”

အဘစောမူးသာက လည်ချောင်းတချက်ရှင်းကာ ဤအပိုဒ်ကို ရွတ်ဆိုပြပါလေ၏။

“ထီမထင် ကျောင်းတော်သားတွေရဲ့

အမည် အစဉ် ခေါင်းအပေါ်အဖျားတွင်မှ

မ င်း ရို့ဆ ရာ ကို

စာရင်းတို့ကာ ထားလိုက်ကြပေရော့”

ဆရာကြီးကား လွတ်လပ်ရေးကြိုးပမ်းမှု ထိုကာလက လူငယ်တွေနှင့်အတူ ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သူကြီး ဖြစ်ပါပေလေ၏။ ထိုစဉ်အခါက နိုင်ငံရေးလောကမှာ ခေတ်စားခဲ့သည့် အင်္ဂလိပ်စကားလုံးများကိုလည်း အကွက်ဝင်လျှင်ဝင်သလို သူ့လေးချိုးကြီးများထဲမှာ ‘အံဝင်ခွင်ကျ’ လိုက်ဖက်လွန်းလှအောင် ပြောင်မြောက်စွာ ဖန်တီးနိုင်ခဲ့သူကြီးဟု အဘလုံးတုံးကလည်း ဖွင့်ဟပါလေ၏။

“‘ဘွိုင်းကောက်’ တို့၊ ‘ဟုမ္မရူး’ တို့၊ ‘ယူနီဘာစီတီ’ တို့ ‘အင်ဒီပင်းန်ဒင့်’ တို့၊ ‘ဒိုင်အာခီ’ တို့၊ ‘လေဘာတီ’ တို့၊ ‘ယူနီယံ’ တို့ . . ဘာတို့ကို အကွက်ဝင်ရင် ဝင်သလို ထည့်ထည့်စပ်ခဲ့တာများ အရသာရှိချက်ကွာ”

“အခုလိုမျိုး အယုတ်တမာကောင် ကြင်စိုး သာဝ မအလနဲ့ သူ့သာဝကတသိုက်ရဲ့ မဟုတ်မဟတ် အဓမ္မလုပ်ဇာတ်တွေကိုများ ဆရာကြီးမြင်ရရင်လည်း ဘယ်လိုများ ရေးမလဲမသိဘူးကွာ”

အဘလုံးတုံး၏ တွေးတွေးဆဆ အမေးလှလှကို အဘစောမူးသာက မျက်စိများမှေးစင်း၍ ပါးကြီးများ ပြည့်ဖောင်းလာသည်အထိ ပြုံးကာ နားထောင်နေပါ၏။ အဘစောမူးသာနှင့် လပေါင်းများစွာ အနေကြာလာခဲ့ပြီဖြစ်၍ သူ့အပြုံးနောက်ကွယ်မှာ တစုံတခု ပါလာတော့မှာကို လေရှီးကဖေကြီး အလိုလို ရိပ်မိပါလေတော့၏ ခင်ဗျာ။

“ဘာပြုံးတာလဲမူးသာ . . . . . .”

“ခုချိန်များ ဆရာကြီးခဲ့ရှိရင် ‘မအလ’ ဆိုတဲ့ လူယုတ်မာ ပြည်ဖျက်ကောင်အတွက် ဘယ်လိုစကားလုံးတွေနဲ့ နာနာ ‘နှက်’ မလဲဆိုတာ တွေးမိလို့ပါဟ”

အဘစောမူးသာက စကားပြောနေရင်းကနေ သူ့ဖုန်းနုတ်စ်ထဲမှာ တစုံတရာကို ခြောက်ခြောက် ခြောက်ခြောက်နှင့် ရိုက်နေပါလေ၏။

သုံးမိနစ်ခန့်ရိုက်ပြီးတော့ ရေနွေးတခွက် မော့၏။ လည်ချောင်းရှင်း၏။ ပြီးသည့်အခါ ဖုန်းထဲသို့ ကြည့်ပြီး သူ၏ ဘယ်သံဝါဝါကြီးဖြင့် ဤသို့ရွတ်ဆိုပါလေတော့သတည်း။

“ခွကျကျ သမိုင်းတလျှောက်မှာ

မအလ ငရိုင်းတယောက်ပေါ်လာတော့

တပြည်လုံး ဝိုင်းဟောက်ပြီး

အညီကျုံး ဘွိုင်းကောက်ပါသဖြင့်

ဒီငတုံး ဘလိုင်းတယောက်ဟာလေ

အရီ အပြုံး မဲ့ကာ ကျက်သေ သေ”

“ပလ္လင်ရူး ဘုရင်ရူး သူတောင်းစားဟာ

ယခင်အမှူး အရင်အရူးတွေထက်ကို

အရှက်ဆိုတာမရှိ အမျက်အသိုသာအတိ

ရမ္မက်ထိုအရာအပြည့်နဲ့

ဖြစ်ချင်ခဲ့ မင်းသမ္မတ

အတင်းအဓမ္မအာဏာလုပြီး

တိုင်းပြည်ကြီးကို ချောက်ထဲတွန်းချကာ

မည်းမည်းမြင်ရာ ပစ်သတ်

ညစ်ပတ်လို့ ယုတ်မာ

ရွာပေါင်းများစွာ မီးတိုက်သလေ

ဒါပေမဲ့ ပြည်သူကမကြောက်။

“ ‌စောက် ဂျ ပု

စောက် င ပု ကို

ဖောက်ခရု ဖောက်ခရု ဆိုပြီး

တတိုင်းပြည်လုံးက

သောက်ဂရုကို မစိုက်ခဲ့တာ . . .”

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024