Home
ဆောင်းပါး
လေမလာ ကြာတိုင်းကောင်း ရွေးကောက်ပွဲနဲ့ အချိန်ဆွဲကြောင်း
မောင်တူး
·
November 14, 2022

စားလိုက်မယ်တဲ့ လှေသူကြီးဆန်

အိပ်လိုက်မယ်ကွဲ့ ဖင်ကြီးလှန်

လေမလာ ကြာတိုင်းကောင်း

လှေသူကြီးကို လှေသားထောင်း ။ ။

(ရေကြောင်းသွားလာရွက်နာဝါ) ဆောင်းပါးမှ . . . . .

ငယ်စဉ် ကျောင်းသင်ရိုး အထက်တန်း မြန်မာစာ စကားပြေလက်ရွေးစဉ် ဖတ်စာထဲက ရေကြောင်းသွားလာ ကုန်သွယ်ကူးသန်းတဲ့အကြောင်း ဆရာကသင်ချိန်မှာ ရွတ်ဖတ်ခဲ့ရတဲ့ ကဗျာ စာချိုးလေးပါ။ ရှေးက စက်လှေတွေ ပဲ့ထောင်တွေ မပေါ်သေးတဲ့ခေတ်။ ရွက်လှေတွေကိုသာ အားကိုးကြရတယ်။ အညာနဲ့ အောက်ပြည် ရွက်လှေတွေနဲ့သာ ကုန်စည်တွေ သယ်ကြရတယ်။ လှေတွေမှာ လှေထိုးသား (လူငှား) တွေ ရှိကြတယ်။ “လေ” လာမှ ခရီးထွက်ရတဲ့ ကုန်တင်လှေကြီးတွေဟာ တိုက်လေမရှိတဲ့အခါ ခရီးမထွက်ရဘဲ ဖြစ်ရတယ်။ ဒါမှမဟုတ် မိမိ သွားလိုရာဘက် လေမတိုက်ခတ်ရင်လည်း လှေကျောက်ချပြီး နားနေရတာပါပဲ။ လေမလာတာကြာတော့ အိပ်လိုက် စားလိုက်နဲ့ လှေသားတွေက ဟန်ကြသပေါ့။ လှေသူကြီးမှာတော့ အားလုံးကို ချက်ကြွေးနေရတော့ စရိတ်ထောင်းတာပေါ့။ ကုန်တွေလည်း ပုပ်တာပုပ် ဆုံးရှုံးရတတ်ပါတယ်။ လေမလာတာ ကြာလေ လှေသားတွေ ဟန်ကျလေ လှေသူကြီးက ခံရလေပါပဲ။ လှေသူကြီးကို လှေသားထောင်းပေါ့။

ဖက်ဒရယ်ဒီမိုကရေစီ ပေးပါ့မယ်ဆိုပြီး ကြွေးရှင်ကို အချိန်ဆွဲနည်းမျိုးလား

အခုလည်း မြန်မာပြည်သူလူထုက ဖက်ဒရယ်ဒီမိုကရေစီ လိုချင်တယ်။ ၈၈၈၈ မှာ ဆန္ဒပြတယ်။ စစ်အာဏာရှင်က ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး အာဏာသိမ်းတယ်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲမှာ တခဲနက်မဲပေးကြတဲ့ ပြည်သူလူထုဘက်က NLD နိုင်တော့ အာဏာလွှဲမပေးဘူး။ အချိန်ဆွဲတယ်။ ဗိုလ်စောမောင်က ဘားတိုက်ပြန်မယ် ပြောထားပြီးကာမှ ရွေးကောက်ပွဲမှာ ရှုံးတော့မှ စောမောင်ကို ရူးကြောင်ကြောင်ဖြစ်အောင်လုပ်ပြီး ရာထူးကနေ ထုတ်ပယ်လိုက်တယ်။ နဝတဥက္ကဋ္ဌ ဗိုလ်သန်းရွှေက ဖွဲ့စည်းပုံဆွဲဖို့ လိုသေးတယ်ဆိုပြီး အချိန် ထပ်ဆွဲပြန်တယ်။ ၁၉၉၀ ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်တွေ ဒီနေ့အထိ လွှတ်တော်မတက်ရသေးဘူး။ ၃၃ နှစ်ကြာတဲ့အထိ လွှတ်တော်မတက်ရသေးဘူး။ ၁၉၉၀ ပြည်သူ့ဆန္ဒတွေ အဟောသိကံ ဖြစ်သွားတယ်။ ဖမ်း သတ် ခြိမ်းခြောက် မက်လုံးပေး ချော့တဲ့နည်းတွေနဲ့ စစ်တပ်က အာဏာကို ကိုင်ထားလိုက်တာ။ အချိန်ဆွဲထားလိုက်တာပေါ့။ ၃၃ နှစ်နော်။ အချိန်ဆွဲထားတာ။ ဒါကို အခု နောက်ထပ် ၂၀၂၃ ရွေးကောက်ပွဲ ထပ်လုပ်ဖို့ ပြင်နေပြန်ပြီ။ ထပ်အချိန်ဆွဲဦးမှာနော်။ သတိထားကြ။ သတိကြီးကြီးထားကြ။ “လေမလာ ကြာတိုင်းကောင်း ရွေးကောက်ပွဲနဲ့ အချိန်ဆွဲကြောင်း။” ဆိုတာကို ပြည်တွင်း ပြည်ပ ပြည်သူလူထု အားလုံး သိနေကြပါတယ်။ ထပ်သိအောင်လည်း ထပ်ပြောလိုက်ပါရဲ့။

၂၀၂၀ ရွေးကောက်ပွဲ အာဏာမလွှဲဘဲ နောက်တပွဲထပ်လုပ်မယ့်အကြံ

အခုလည်း ကြည့်ဦး။ ၂၀၂၀ နိုဝင်ဘာ ၈ ရက် NLD ၈၄ ရာခိုင်နှုန်းနိုင်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ၂ နှစ်ပြည့်ပြီ။ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို မလေးစားဘဲ အာဏာသိမ်းခဲ့တာလည်း ၂ နှစ် ပြည့်တော့မယ်။

“ကြွေးဟောင်းမဆပ်၊ မြီသစ်ထပ်ယူ၊

လိမ်တတ်သူအား၊ သတိထားလော့

ပေးထားကတိ၊ ကြီးမားဘိလည်း

မရှိသိက္ခာ၊ ညာ ညာ နေသူအား

မယုံစားနှင့်၊ ချင့်ချိန်သင့်ပြီမဟုတ်လော။    ။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်ခဲ့တာကို အာဏာလွှဲမပေးဘူးနော်။ အခုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်တာကိုလည်း ထပ်ပြီး အာဏာလွှဲမပေးပြန်ဘူး။ ပူပူနွေးနွေးကြီးပဲ ရှိသေးတယ်။ နောက်ထပ်လည်း ၂၀၂၃ ဩဂုတ် ၁ ရက် ရွေးကောက်ပွဲ ထပ်လုပ်ဦးမယ်တဲ့။ လာပြန်ပြီ။ နိုင်သူကို လွှဲပေးမယ်တဲ့။ ပြောနေပြန်ပြီ။ မိအေးနှစ်ခါနာမက ၁ ကြိမ် ၂ ကြိမ် ၃ ကြိမ်မြောက်အောင် အလိမ်ခံရမယ်ဆိုရင်တော့ လိမ်တဲ့သူအပြစ် မဟုတ်တော့ဘူးနော်။ သိသိကြီးနဲ့ လိမ်တာကို ယုံနေသူအပြစ်ပဲ မဟုတ်လား။ အတိုင်းတိုင်းအပြည်ပြည်က ကြားလို့မှမကောင်း မိအေး ၃ ခါနာ ဖြစ်သွားဦးမယ်ဗျို့။ ရိုးရိုးလိမ်ရင် တော်သေးတယ်။ အခုဟာက လိမ် လိမ်ပြီး အချိန်ဆွဲနေတာ။ နှစ် ၃၀ ကျော်ပြီနော်။ ၃၃ နှစ်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ ရွေးကောက်ပွဲပြင်ဆင်မှု

အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ကျင်းပမယ်လို့ စစ်တပ်ကတော့ ပြောနေတာပါ။ ဒီရွေးကောက်ပွဲလုပ်ဖြစ်ရင် အရင်က မဲပေးစနစ်ဖြစ်တဲ့ “အနိုင်ရသူ အကုန်ယူစနစ်” ကို အသုံးမပြုဘဲ “အချိုးကျ ကိုယ်စားပြုစနစ်” PR ကို အသုံးပြုမယ်လို့ ကြေညာထားပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲပါ။ အာဏာသိမ်းပြီးကတည်းက စစ်တပ်က တိုင်းပြည်ကို အရေးပေါ်အခြေအနေနဲ့ အုပ်ချုပ်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ နှစ်တာ အမြင့်ဆုံးကာလကို အုပ်ချုပ်ခဲ့တဲ့သဘောပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ပြီးဆုံးချိန်ကနေ နောက်ထပ် ၆ လထက် နောက်မကျစေဘဲ ရွေးကောက်ပွဲကို ကျင်းပဖို့ လိုအပ်ပြီး အာဏာသိမ်းပြီးနောက် ၂ နှစ် ၆ လ အကြာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်တပ်က ပြောထားပါတယ်။ ရွေးကောက်ပွဲကနေ စစ်တပ်ဟာ သူ့ရဲ့ သက်တမ်းတိုးအုပ်ချုပ်မှုအတွက် တရားဝင်မှုကို ရှာဖွေဖို့ မျှော်လင့်ထားတာကြောင့် လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ (မရှိတဲ့) ရွေးကောက်ပွဲဖြစ်ဖို့ များနေပါတယ်။ အခုဆိုရင် ထပ်လုပ်မယ့် ရွေးကောက်ပွဲကို မယုံကြောင်း ဆန့်ကျင်ကြောင်း မြန်မာပြည်အတွင်း ဆန္ဒတွေပြနေကြပါပြီ။ ဒီစာကိုတောင် ဆန္ဒပြပွဲတွေ နေ့တိုင်းလုပ်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်က စခ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စခ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကနီနယ်သား ဦးသိန်းစိုးကို ရှုတ်ချကြောင်း ဆန္ဒပြ သပိတ်ပွဲ DVB TV သတင်းလုပ်ရင်းက အချိန်လု အပြေးအလွှား ရေးလိုက်ရတာပါ့။

ဆရာတင်မိုး ဘောလုံးပွဲကဗျာ သို့မဟုတ် ရွေးကောက်ပွဲနဲ့ အချိန်ဆွဲပုံ

မြန်မာ့သမိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကို လိမ်လည် အချိန်ဆွဲကျင်းပပြီး မဲနိုင် NLD ပါတီကို အာဏာလွှဲမပေးခဲ့တာကို ကဗျာတပုဒ်ရေးပြီး ဖော်ထုတ်ပေးခဲ့ပါတယ်။ ကဗျာဆရာကြီး တင်မိုး (၁၉ နိုဝင်ဘာ ၁၉၃၃ - ၂၂ ဇန်နဝါရီ ၂၀ဝ၇) ပါ။ ၁၉၉၅ နိုဝင်ဘာ ၃၀ မန္တလေး ဆွံ့အနားမကြားကျောင်း ရန်ပုံငွေ စာပေဟောပြောပွဲမှာ ဆရာတင်မိုး ရွတ်ဆိုတဲ့ “ဘောလုံးပွဲ” ကဗျာပါ။ ဖေဖော်ဝါရီလမှာ စစ်အစိုးရရဲ့ ဖမ်းထားရာမှ လွတ်လာပြီး ပထမအကြိမ် ဟောပြောပွဲတက်တာ ဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲကို ဘောလုံးပွဲနဲ့နှိုင်းပြီး ပထမရတဲ့ အသင်းက ဒိုင်းဆုဖလား မရသေးတဲ့အကြောင်း ခိုင်းနှိုင်း ကာရန်လေးတွေနဲ့ ရေးသွားခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ဒီ သမိုင်းတွင်ကဗျာက အကျုံးဝင်နေဦးမှာပေါ့။ နောက်ပြီး စစ်တပ်က လုပ်ချင်နေတဲ့ လာမယ့် ၂၀၂၃ ရွေးကောက်ပွဲကိုရော ပြည်သူတွေက ဘာလုပ်သင့်သလဲ။ ဆန့်ကျင်သင့်၊ မသင့်ကို ဒီ “ဘောလုံးပွဲ” ကဗျာဖတ်ပြီးရင် သိလာပါလိမ့်မယ်ဗျာ။

ဘောလုံးပွဲ

တင်မိုး

ဘောလုံးပွဲကား

သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်

မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။

နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍

ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို

ဦးညွတ် အလေးပြုပြီးပြီ။

အဖွဲ့ချုပ်က၊ ဥက္ကဋ္ဌလည်း

ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်

လက်ခုပ်တီးသံ၊ တညံညံနဲ့

နိုင်သူ့ထံသို့ အပ်ရန်သာ။

သန်းခေါင်တိုင်လည်း၊ အောင်နိုင်သောဆု

မ အပ် သေး။

ပရိသတ်ကား၊ မတ်တပ်ရပ်၍

စောင့် ကြ ဆဲ။

ဒိုင်နှိပ်စက်၍

ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်

စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ

မ ဖြစ် ဖူးမြဲ ဘောလုံးပွဲ

အံ့ ဖွယ် သ ရဲ စံ ပါ ဘဲ ။     ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024