မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးအနီးမှာ နိုဝင်ဘာ ၇ ရက် မနက်က မပေါက်ကွဲသေးတဲ့ဗုံး တွေ့ရှိတာကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်သုတ်ဆေးပုံးထဲ ဗုံးနှစ်လုံး တွေ့ရှိခဲ့တာကြောင့် ရဲတွေက လမ်းပိတ်ဆို့ပြီး သေနတ်နဲ့ ပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကြံ့ခိုင်ရေးရုံးထောင့်မှာ ဗုံးနှစ်လုံးတွေ့လို့ဆိုပြီး လမ်းပိတ်ထားတာ၊ ပြီးတော့ အဝေးကနေ မှန်ဘီလူးနဲ့ လှမ်းကြည့်ပြီး သေနတ်နဲ့ပစ် ဖောက်ခွဲလိုက်တယ်၊ ဘယ်လူကိုမှမထိဘူး။”
မိုးကုတ်မြို့ရဲစခန်းမှာ နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့က ရဲတွေ လူစုပြီး ကင်းပုန်းဝပ်တာကလွဲလို့ ထူးခြားမှုမရှိခဲ့ဘဲ မြို့ထဲမှာလည်း လည်ပတ်သူတွေနဲ့ စည်ကားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဆိုရှယ်မီဒီယာမှာ ကိုယ်ပိုင်အကောင့်နဲ့ သတင်းတင်သူတွေကို ဖမ်းဆီးထားတာကြောင့် မိုးကုတ်မြို့တွင်းမှာ သတင်းစီးဆင်းမှု နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။