Home
ဆောင်းပါး
စစ်ငပုပ်ဖမ်းခံရာက လွတ်မြောက်ချိန်‌ရောက်‌နေသည့် မြန်မာနိုင်ငံတော်
DVB
·
October 22, 2022

မြန်မာစကားမှာ လကြတ်တယ်၊ လငပုပ်ဖမ်းတယ်ဆိုတာ ရှိပါတယ်။ သိပ္ပံပညာသဘောအရ လကြတ်တာ၊ လငပုပ်ဖမ်းတယ်ဆိုတာဟာ ကမ္ဘာရဲ့အရိပ်က လပေါ်သို့ကျရောက်လို့ အရိပ်မည်းကြီးလို အုပ်ခံရတာကို ခေါ်တာဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ်ပြာကြီးဟာ ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေတဲ့ မိမိဝင်ရိုးပေါ်မှာ လှည့်ပတ်နေတာ‌ တပတ်ပြည့်ဖို့ ၂၄ နာရီကြာပြီး နေ့နဲ့ညဆိုတာ ဖြစ်‌ပေါ်လာပါတယ်။တချိန်တည်းမှာပဲ ကမ္ဘာဂြိုဟ်ဟာ နေမင်းကြီးကိုလည်း မိမိလမ်းကြောင်းအတိုင်း လှည့်ပတ်နေတာမို့ တပတ်ပြည့်ဖို့ဆိုရင် ၃၆၅ ရက် (သို့) တနှစ်တာ ကြာမြင့်ပါတယ်။ အဲ့ဒီလိုပဲ လနဲ့နေဟာလည်း ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လှည့်ပတ်နေကြရင်း တချိန်ချိန်မှာ ကမ္ဘာရဲ့အရိပ်က လပေါ်သို့ကျရောက်တဲ့အလှည့် ရောက်လာရတာကြောင့် လကြတ်ခြင်းဆိုတာ ဖြစ်ရတာပါပဲ။

ပိဋကတ်စာပေထဲမှာတော့ လကြတ်တယ်ဆိုတာဟာ ခန္ဓာကိုယ် အင်မတန်မှကြီးတဲ့ ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက လ ဗိမာန်ကို ဘောလုံးလေးလို အောက်မေ့ပါသတဲ့။ သူသွားတဲ့လမ်းကြောင်းနဲ့ တခါတရံ ဆုံမိတဲ့အခါမှာ လသွားတဲ့လမ်းကနေ သူဖြတ်ပြီဆိုတဲ့အချိန်လေးမှာ သူက ကစားတဲ့အနေနဲ့ လ လာမယ့်နေရာကို ပါးစပ်ကြီးဟထားတော့ လကလည်း ရွေ့လျားလာပြီး သူ့ပါးစပ်ထဲ ဝင်သွားတာကို လငပုပ်ဖမ်းတယ်၊ လကြတ်တယ်လို့ခေါ်တာ ဖြစ်ပါတယ်။

အဲဒီအခါမှာ လနတ်သားဟာ အင်မတန်မှ ကြောက်လန့်ပြီး မြတ်စွာဘုရားကို အောက်မေ့ပြီး ဖမ်းယူခံထားရတဲ့အချိန်မှာ အောက်ပါဂါထာကို ရွတ်ဆိုခဲ့ပါသတဲ့။

“ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အရှင်ဘုရားသည် အလုံးစုံသော ခန္ဓာအာယတန စသည်တို့၌ လွတ်မြောက်တော်မူ၏၊ အကျွန်ုပ်သည် ကျဉ်းမြောင်းခြင်းသို့ ရောက်နေပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့။”

“မြတ်စွာဘုရားတို့မည်သည် လူနတ်ဗြဟ္မာ၊ သတ္တဝါတွေအပေါ် ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် ကြင်နာသနားတော်မူတယ်၊ ကရုဏာတရားထားတယ်။ လနတ်သားဟာ ဘုရားကို ကိုးကွယ်ဆည်းကပ်သူဖြစ်တယ်။ လနတ်သားကို ဖမ်းချုပ်မထားပါနဲ့၊ လွှတ်လိုက်ပါလို့ မြတ်စွာဘုရားက ဒီဂါထာကို ရွတ်ဆိုခဲ့ပါသတဲ့။

ဘုရားရှင်ရဲ့အသံ‌တော်လည်း ကြားလိုက်ရော ရာဟုအသူရိန်ကြီးဟာ လကို ဖမ်းမထားရဲဘူး လွှတ်လိုက်ရတာမို့ လနတ်သားလည်း လွတ်မြောက်ရပြီး လကြတ်ခြင်းပြီးဆုံးလို့ လမင်းထိန်ထိန်သာခွင့် ပြန်ရခဲ့ပါတယ်။

ဂြိုဟ်တွေဟာ အစဉ်အမြဲ လည်ပတ်ပြောင်းလဲနေသလို ရာသီဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်ပါတယ်။ မိုးတွင်းကာလတွေမှာ တိမ်တွေထူထပ်နေတတ်သလို ဆောင်းရာသီနဲ့ နွေရာသီမှာတော့ တိမ်ကင်းစင်နေတာ မဟုတ်လား။ ဝသန်ကာလ မိုးဥတုညကာလတွေမှာ တိမ်မည်းညိုတွေအုံ့ဆိုင်းလို့ လမင်းဟာ ဖုံးအုပ်ခံရချိန်မှာ လမသာနိုင်ပေမဲ့ တိမ်ဆိုတာ အမြဲမဖုံးနိုင်ပါဘူး။ လောကမှာ တည်မြဲတယ်ဆိုတာ ဘာမှမရှိပါဘဲ ပြောင်းလဲခြင်းဆိုတာသာ မပြောင်းမလဲ ဖြစ်ပျက်နေတာ လောကနိယာမပါပဲ။ ဖြစ်ချိန်တန်ရင် ဖြစ်လာရပြီး ပျက်ချိန်တန်လာရင် မလွဲမသွေ ပျက်ကြရတာ အနိစ္စဆိုတဲ့ မမြဲခြင်းသဘောတရားပါပဲ။

ဒီကနေ့ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအပေါ် ဆိုးရွားရက်စက်စွာ မင်းမူသောင်းကျန်းနေတဲ့ အကျင့်ပျက် စစ်ဓားပြတပ်မတော်ဟာ ဖြစ်ချိန်တန်တုန်းက ဖြစ်တည်ခဲ့ပြီး အခုချိန်ကတော့ ပျက်သုဉ်းချိန် ကျရောက်လာခဲ့ပါပြီ။ စစ်အကြမ်းဖက်တပ်ကို ပြိုကျပျက်သုဉ်းမှုကို ဘာနဲ့မှ မတားဆီးနိုင်တော့ပါဘူး။

စစ်ဓားပြ သူခိုးတပ်ဟာ သူတို့အာဏာတည်မြဲဖို့ ပြည်သူလူထုအ‌ပေါ် အစွမ်းကုန် ယုတ်မာနေကြတာကိုကြည့်ရင် သူတို့ရဲ့ နောက်ဆုံးအချိန် ရောက်နေပြီဆိုတာကို ညွှန်ပြနေပါတယ်။ လူမဆန်တဲ့နည်းလမ်းတွေဖြစ်တဲ့ လက်နက်မဲ့ပြည်သူတွေကို ခေါင်းဖြတ်သတ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လာခဲ့ကြတာ မဟုတ်လား။

အခုရက်ပိုင်းမှာကို မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက တောင်မြင့်ရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းဟာ NUG က ဖွင့်လှစ်ထားတဲ့ကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာတဦးဖြစ်တဲ့ သစ်ညီ‌နောင်ရွာသား ဦးစောထွန်းမိုး (၄၅) နှစ်ကို ခေါင်းနဲ့ ခြေတွေ လက်တွေကို ပိုင်းဖြတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်လို့ တောင်မြင့်ရွာမှာရှိတဲ့ အလယ်တန်းကျောင်းတံခါးမှာ ဖြတ်ထားတဲ့ခေါင်းကို ချိတ်ဆွဲထားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ CDM ရဲတပ်သားကို လွတ်မြောက်ဖို့ ကူညီပေးခဲ့တာကို စစ်ဆေးရင်း ပခုက္ကူ တပ်မ ၁၀၁ စစ်တပ်နဲ့ ပျူစောထီးတွေက မနန္ဒာကို ခေါင်းဖြတ်သတ်ခဲ့ကြသလို ဇွန်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ဘီးလင်းမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာလုယူခဲ့တဲ့အချိန်ကစလို့ ပြည်သူနဲ့‌ သေခန်းပြတ်သွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ မြွေ‌ခေါင်းပြတ်နဲ့တူတယ်၊ အဆိပ်ရှိတဲ့ မြွေခေါင်းပြတ်ဟာ ချက်ချင်းမသေသေးပေမဲ့ ကြာကြာအသက်မရှင်နိုင်တော့ပါဘူး။ ဒါ‌ပေမဲ့ အကြမ်းဖက်ဓားပြတပ်ဟာ သူတို့ရဲ့ နောက်ဆုံးအချိန်ထိ ပြည်သူကို အန္တရာယ်ပြုနိုင်ပါသေးတယ်။

အခုအချိန်ခါမှာတော့ ပြည်သူပြည်သားအများစုက လုံးဝလက်မခံ‌တော့တဲ့ စစ်အခွင့်ထူးခံ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အောက်ပါအခြေအနေအရပ်ရပ်က ညွှန်ပြနေပြီဖြစ်ပါတယ်။

၁) အကြမ်းဖက်စစ်တပ်ကို အများပြည်သူတွေရဲ့ ရွံရှာမုန်းတီးမှု အမြင့်ဆုံး‌ရောက်ရှိပြီး စွန့်ပစ်ခံရခြင်း။

၂) စစ်ဗိုလ်စစ်သားတွေကြားမှာ စိတ်ဓာတ်ယိမ်းယိုင်မှု အမြင့်ဆုံးထိရောက်လာခြင်း။

၃) တပ်ပျက်နေတဲ့စစ်တပ်ထဲကို စစ်သားသစ်အဖြစ် ဘယ်သူမှ မဝင်ရောက်လိုတော့ခြင်း။

၄) တနိုင်ငံလုံးအနှံ့ စစ်ပွဲများတွင် စစ်အင်အား သိသာထင်ရှားစွာ ကျဆုံးဆုတ်ယုတ်နေခြင်း။

၅) တိုက်ပွဲများတွင် အလွယ်တကူ လက်နက်ချ အညံ့ခံမှုများလာပြီး အကြမ်းဖက်တပ်ရဲ့ စစ်ရေး၊ တိုက်ခိုက်ရေးစွမ်းရည် အနိမ့်ဆုံးရောက်ရှိလာခြင်း။

၆) အကြမ်းဖက်စစ်တပ် ထိန်းချုပ်နိုင်သည့်ဧရိယာ နည်းသထက်နည်းလာခြင်း။

၇) အကြမ်းဖက်စစ်တပ်အောက်တွင် ဥပဒေစိုးမိုးမှု လုံးဝမရှိဘဲ စစ်ဗိုလ်စစ်သား စစ်မှုထမ်းဟောင်းများ အပါအဝင် လူတိုင်း ဘဝမလုံခြုံတော့ခြင်း။

၈) အကြမ်းဖက်စစ်တပ်အောက်တွင် တိုင်းပြည်စီးပွားရေး ဘုန်းဘုန်းလဲနေခြင်း။

၉) အာဏာလုယူပြီး ၁ နှစ် ၉ လနီးပါး ကြာမြင့်သည့်တိုင် အကြမ်းဖက်စစ်တပ်ကို သံတမန်ရေးရာနယ်ပယ်တွင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုခြင်း။

၁၀) အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသား လုပ်သားပြည်သူတွေရဲ့ တဖွဲ့တည်းသော ဘုံရန်သူဘဝရောက်ခါ အရပ်ရှစ်မျက်နှာမှာ ချေမှုန်းခံနေရခြင်း။

၁၁) အချိန်နဲ့အမျှ အကြမ်းဖက်စစ်တပ် အားနည်းလာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ EAOs တို့ အားကောင်းသထက်ကောင်းကာ နယ်မြေစိုးမိုးမှု ပိုရလာခြင်း။

ဒါကြောင့်မို့လည်း မြန်မာ့နွေဦးတော်လှန်ရေးကို အဆုံးသတ်ဖို့ ပြင်ဆင်မှု အခြေအနေတခုကို ရောက်လာပြီလို့ တော်လှန်ထောက်ပို့တောင်ပိုင်းသို့ ရန်ပုံငွေရှာဖွေပွဲရဲ့ ပိတ်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ အရိပ်မည်းကြီးကျသလို မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအပေါ် ဆိုးဝါးရက်စက်နေတဲ့ စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ဟာ ဘုံးဘုံးလဲကျဖို့ တည်းတည်းလေးသာ လိုပါတော့တယ်။ တနည်းအားဖြင့် တင်စားပြောရရင် မြန်မာနိုင်ငံဟာ စစ်ငပုပ်ဖမ်းခံရာက လွတ်မြောက်ချိန်‌ကို ရောက်‌ရှိနေပြီဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024