Home
မေးမြန်းခန်း
“ကျနော့်ခါးကပူကနဲဖြစ်သွားတယ်။ ကျနော်သိတယ်၊ကျနော်တခုခု ထိသွားပြီ” အင်းစိန်ထောင် ဗုံးပေါက်ကွဲ ပစ်ခတ်မှု ကိုယ်တွေ့ကြုံရသူ ၁ ဦးနှင့် မေးမြန်းချက်
DVB
·
October 22, 2022

ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင် အဝင်အထွက်ဂိတ်ပေါက် အတွင်းနဲ့အပြင်မှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ထောင်ဝန်ထမ်းတွေအပါအဝင် လူ ၈ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ သင်္ဃန်းကျွန်းပို့စ်သတင်းဌာနက အယ်ဒီတာ မထက်ထက်နဲ့  သတင်းထောက် ကိုဝေလင်းတို့ မိသားစုဝင်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနေ့ ဗုံးပေါက်ကွဲမှု အခြေအနေကို သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်ရဲ့အစ်မ ဖြစ်သူကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အင်းစိန်ထောင်မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အဲဒီနေ့က ညီမတို့ မိသားစုဝင်တွေလည်း အဲဒီကိုရောက်နေတယ်။ ညီမတို့ မိသားစုဝင်တချို့လည်း ထိခိုက်ဒဏ်ရာတယ်လို့ သိရတယ်။ အဲဒီနေ့က အခြေအနေ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ပြောပြပေးပါလား။

ဖြေ။ “အဲဒီနေ့က မိသားစုအလိုက် သက်သေထွက်ဆိုဖို့အတွက် အင်းစိန်ကိုသွားတာ ၉ နာရီခွဲလောက် ရောက်တယ်ပေါ့နော်။ ၉ နာရီမခွဲခင် ၅ မိနစ် အမေတို့ကားရောက်တော့ ကျနော်တို့ အပေါက်ဝကိုဝင်ပြီး နာမည်စာရင်းပေးမယ်လုပ်တဲ့အချိန်မှာ အဲဒီအချိန်မှာ ဗုံးက စပေါက်တာပေါ့နော်။ ဗုံးပေါက်တဲ့နေရာနဲ့ ကျနော်တို့နဲ့ ၁၀ ပေကျော်ကျော်လေးပေါ့ လှမ်းတယ်။ ဒါပေမဲ့ ကျနော်တို့ဆီကို ဗုံးစမစင်ဘူး။ ကျနော်တို့က အဲလို ကြောက်လန့်ပြီးတော့ ပြန်ပြေးထွက်တဲ့အချိန်မှာ အဲဒီသံတိုင်ပေါက်ဝနားရောက်တော့မှ သူတို့ သေနတ်တွေနဲ့ ပစ်တော့ ကျနော်ဆိုရင် နည်းနည်းစင်သွားတယ်အမရယ်။ မေမေကတော့ သူများတိုက်လို့ ချော်လဲသွားပြီးတော့ ခါးနာသွားတယ်။”

မေး။ အဲဒီမှာ ဗုံးပေါက်တော့ ထိခိုက်ဒဏ်ရာရမှုတွေရှိလား။

ဖြေ။ “ဗုံးပေါက်လို့ ထိခိုက်ဒဏ်ရာရတာကတော့ ကျနော် အဲဒီ ဗုံးပေါက်တဲ့ရှေ့က ကောင်တာရှေ့မှာ လူတယောက်လဲနေတယ်။ လှုပ်တော့မလှုပ်တော့ဘူး။ အဲဒီလူက၊ အဲဒီကောင်တာနောက်မှာ ဝန်ထမ်းလေးတွေ လဲနေတယ်။ မိန်းကလေးဖြစ်ဖို့များတယ်။ ကျနော်လှမ်းမြင်တာကပေါ့နော်။ အဲလောက်ပဲ လှမ်းမြင်တယ်။ ကျနော်တို့ကလည်း ဗုံးပေါက်တယ်ဆိုတော့ ဒီနေရာကနေ ပြေးရလွှားရ ပုန်းရမယ်ဆိုတော့လေ တချက်ပဲ အဲဒါ ကြည့်လိုက်တာပေါ့နော်။ ကျနော်မြင်တာကတော့ အဲဒါပဲမြင်လိုက်တယ်။ ကျနော်တို့က အပြင်ဘက်က လှမ်းကြည့်ရတဲ့ အနေအထားပေါ့လေ။”

မေး။ ညီမတို့ မိသားစုအလိုက်သွားတော့ ညီမ မိသားဝင်တချို့ ဒဏ်ရာရတယ်လို့ ပြောလို့လေ၊ ဘယ်နေရာမှာ ဘယ်လိုဒဏ်ရာရတယ်ဆိုတာ ပြောပြပေးပါလား။

ဖြေ။ “မိသားစုလိုက် ဒဏ်ရာရတယ်ဆိုတာက ဝေလင်းရဲ့အဖေက နှာခေါင်းအောက်က အစပ်က ကွဲသွားတယ်။ သူက ဘာနဲ့ထိမိသွားလဲ မသိဘူးပေါ့နော်။ မေမေကတော့ သူများဝင်တိုက်လို့ ချော်လဲလို့ ခါးနာတယ်။ ပြီးတဲ့အခါ နားက သွေးထွက်သွားတာပေါ့နော်။ ကျနော်ကတော့ ခါးမှာ အပေါက် ၃ ပေါက်ဖြစ်တယ်။ အခု နာရှိန်နဲ့ နည်းနည်းတော့ ဖျားနေတာပေါ့။ မနေ့က ဖျားတယ်။ ဒီနေ့တော့ နည်းနည်းသက်သာနေပါပြီ။”

မေး။ ခါးမှာ အပေါက်ဖြစ်တယ်ဆိုတာ ဗုံးစ မှန်လို့လား။

ဖြေ။ “ဗုံးစမှန်တာမဟုတ်ဘူး။ အဲဒီ ဗုံးပေါက်လို့ ကျနော်တို့ပြေးထွက်တော့ ကျနော်တို့ အပေါက်ဝနားလည်းရောက်တော့ သေနတ်ပစ်တဲ့အရှိန်ကြောင့်၊ သေနတ်ပစ်သံကြားတော့ ကျနော်တို့ အဲမှာ ခါးလေးကုန်းလိုက်တယ်ပေါ့နော်။ ခါးလေး ကုန်းလိုက်တဲ့အချိန်မှာ ကျနော့်ခါးက ပူကနဲ ဖြစ်သွားတယ်။ ကျနော်သိတယ်၊ ကျနော် တခုခုထိသွားပြီဆိုပြီးတော့၊ ဒါပေမဲ့ ကျနော့်ကို ကျဉ်ဆန်ထိတယ်ဆိုပေမဲ့ ကျနော့်ပိုက်ဆံအိတ် ခံသွားတယ်။ ပိုက်ဆံအိတ်က သံကွင်း ပြတ်ထွက်သွားပြီး ကျနော် ဒဏ်ရာပဲကျန်ခဲ့တယ်။ အပေါက်ကြီးတော့ ကျဉ်ဆန်တော့ မဖြစ်ဘူးပေါ့နော်။ ကျဉ်ဆန်ဝင်သွားတဲ့အထိတော့ မဖြစ်သွားဘူးပေါ့။”

မေး။ အဲဒီမှာ မထက်ထက်ရဲ့သမီးပါတယ်လို့ ပြောလို့လေ။

ဖြေ။ “မထက်ထက်သမီးလည်းပါတယ်။ ကလေးက တွေ့ချင်တယ်ဆိုတော့ အဲဒီနေ့က သူ့အမေနဲ့ တွေ့ရမယ်ဆိုတော့ လိုက်တာပေါ့။ နောက် တမိသားစုလုံး သွားရတာလေ။ အဖေရော၊ အမေရောက သက်သေ၊ ကျနော်လည်း သက်သေဆိုတော့ လိုက်ရတယ်။ ဝေလင်းရဲ့အဖေ အမေကလည်း သက်သေမို့လို့ ခေါ်ထားလို့ အကုန်လုံးက သွားကြတာ။ အဲတော့ ကလေးတွေပါ ခေါ်သွားတယ်လေ။ ကျနော်တို့က။ မထက်ထက်နဲ့ ကိုဝေလင်းက အမှုတွဲက တတွဲတည်း၊ သူတို့က တနေ့တည်း ရုံးထုတ်တာ။ အဲတော့ သက်သေခေါ်တော့ အကုန်လုံးသွားကြတာ။ မထက်ထက်သမီးတော့ ဒဏ်ရာမရဘူး။ ဖေဖေလည်း ဘာမှမဖြစ်ဘူး။ ဖေဖေက မှန်စလေး နည်းနည်းစင်တာပဲ ရှိတာပေါ့နော်။ မှန်စ အမှုန်အမွှားတွေစင်တော့ သွေ့စို့စို့လေး အကုန်ဖြစ်တာပေါ့။ ကြီးကြီးမားမားတော့ မဖြစ်လိုက်ဘူးပေါ့။”

မေး။ သေတဲ့သူက ၈ ယောက်အထိရှိတယ်လို့ ပြောတာပေါ့နော်။ အဲတော့ သေဆုံးသူတွေက ဗုံးကြောင့် သေတာလား၊ သေနတ်ကြောင့် သေတာလား။

ဖြေ။ “ဗုံးကြောင့်ကတော့ ကျနော်မြင်တာပေါ့နော်၊ ကျနော် လူတယောက် ဒီပြည်သူတယောက် ကောင်တာအရှေ့မှာ လဲကျနေတာပဲ ကျနော်မြင်တယ်ခင်ဗျာ။ ဗုံးကြောင့်ပေါ့နော်။ ဗုံးကြောင့်က ဝန်ထမ်းအထဲထဲက သုံးယောက်၊ ကောင်တာထက်မှာ ဝန်ထမ်းတွေက လေးငါးယောက်ရှိတာ။ ၃ ယောက်တော့ လဲကျတော့ ကျနော်မြင်လိုက်တယ်ပေါ့နော်။ ဗုံးကြောင့်ကတော့ အဲဒီကောင်တာက နေရာပဲပေါ့နော်။ ကျန်တဲ့ သေနတ်ပစ်ဒဏ်ရာနဲ့ သေတဲ့သူတွေက ကျနော်တို့ မသိဘူးပေါ့နော်။”

မေး။ အဲတော့ ညီမတို့က ထောင်ဝင်စာ သွားတွေ့တဲ့အချိန်မှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်လာတယ်ပေါ့နော်။ ဒီဖြစ်စဉ်တွေ ဖြစ်တဲ့အပေါ်မှာ ညီမ ဘာပြောချင်လဲ။

ဖြေ။ “ဒီလိုနေရာမျိုးကတော့ မတိုက်ခိုက်သင့်တဲ့နေရာပါဗျာ။ တကယ်တော့ ကျနော်တို့ ဒီနိုင်ကျဉ်းတွေ ရှိတဲ့နေရာ၊ နိုင်ကျဉ်းမိသားစု မိသားစုဝင်တွေ သွားလာတဲ့နေရာကို ဗုံးပေါက်တယ်ဆိုတော့ ဒါက မဖြစ်သင့်တဲ့ ကိစ္စကြီးပေါ့နော်။ လုံးဝတောင် ထင်မထားဘူး။ ကျနော်တို့သွားတာ နှစ်နဲ့ချီသွားပြီ အဲဒီကိုသွားနေတာ။ တခါမှလည်း အဲလိုလည်းမဖြစ်ဖူးဘူး။ ဒါ ပထမဆုံးအကြိမ်ပဲ။”

မေး။ ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာကော ညီမတို့ ထောင်ဝင်စာသွားတွေ့မယ်ဆိုရင်ကော သွားလို့ရသေးလား။ အခု ထောင်အခြေအနေက ဘယ်လိုတွေရှိလဲ။

ဖြေ။ “အခု သူတို့က ပိတ်လိုက်တယ်လို့ပြောတယ်။ ထောင်ဝင်စာတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်တဲ့။ ရှေ့နေကလည်း လှမ်းပြောတယ်။ ရုံးထုတ်တာတွေ၊ အမှုစစ်တာတွေ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောတယ်။ အဲတော့ ထက်ထက်တို့နဲလည်း မတွေ့ရတော့ဘူးပေါ့။ ကျနော်တို့တွေ။”

မေး။ အဲတော့ ဒီလို ဗုံးပေါက်မှုတွေ ဖြစ်တဲ့နောက်ပိုင်းမှာ အင်းစိန်ထောင်မကဘူးပေါ့နော်။ တခြားထောင်တွေလည်း ထောင်ဝင်စာတွေ့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့ အပေါ်မှာ  ညီမ နိုင်ကျဉ်းမိသားစုဝင်တယောက်အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ “အဲလို ထောင်ဝင်စာတွေ မပို့ရဘူးဆိုတော့ သူတို့ကြွေးတာတွေက အမှန်အတိုင်း ပြောရရင် မစားနိုင်ဘူး။ ကလေးတွေက၊ ထက်ထက်ဆိုရင် အစာအိမ်ရှိတယ်။ အခု ထက်ထက်ကိုဆိုရင် စိတ်အပူဆုံးပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အစာအိမ်ရောဂါရှိတယ်။ သူတို့ကျွေးတဲ့ အစားအစာတွေက အဆင်မပြေတဲ့အခါကျတော့ ထက်ထက်က အိမ်ကပို့တဲ့ဟာကိုပဲ အားကိုးပြီးတော့ စားနေရတာလေ။ အဲတော့ သူ့ကျန်းမာရေးအတွက် ပူတယ်။ ဘာလို့လဲဆိုတော့ သူက အစာအိမ်သမားဖြစ်တဲ့အတွက်၊ အဲဒီတခုတော့ တော်တော်လေး စိတ်ထဲမှာ အဆင်မပြေဘူး။”

မေး။ တခြား ဘာပြောချင်တာ ရှိဦးမလဲ။

ဖြေ။ “တခြားတော့ မရှိတော့ပါဘူး။ ထောင်ဝင်စာ ပို့မရလို့ တော်တော်လေး စိတ်မကောင်းဖြစ်နေကြတာပဲ ရှိပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024