Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ္ဍာရေးစည်းကမ်းထိန်းအဖွဲ့က မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်
DVB
·
October 22, 2022

ပြင်သစ်အခြေစိုက် နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို  အမည်ပျက်နိုင်ငံတွေစာရင်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

FATF ဌာနချုပ် ပဲရစ်မြို့မှာ အောက်တိုဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကမ္ဘာ့တဝန်းရှိ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်တက်ရောက်တဲ့ အစည်းအဝေးအပြီးမှာ   လက်ရှိ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံမှ ဒါရိုက်တာ ရာဂျာကူးမားက ကြေညာလိုက်တာပါ။ 

မြန်မာနိုင်ငံအနေနဲ့ သတ်မှတ်စောင့်ကြည့်ကာလ တနှစ်ကျော်လာတဲ့အထိ ကတိပြုထားတဲ့  အဓိက လုပ်ဆောင်ရမယ့် တရားမဝင်ငွေကြေးစီးဆင်းမှုကိစ္စတွေကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်အောင် ဆက်လက်လုပ်ဆောင်ခဲ့ခြင်းမရှိတာကြောင့် ကမ္ဘာ့ဆုံးဆိုင်ရာငွေကြေးစနစ်ရဲ့ အပယ်ခံနိုင်ငံတွေအဖြစ် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့နဲ့ အတူ မြန်မာကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုတွေကို တားဆီးကာကွယ်နိုင်ဖို့ တခြားနိုင်ငံတွေအနေနဲ့ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ နိုင်ငံတွေနဲ့ ငွေပေးငွေယူကိစ္စ စစ်ဆေးစိစစ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက်  ရန်ပုံငွေစီးဆင်းမှုတွေနဲ့ အကျိုးအမြတ်မယူတဲ့တရားဝင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေရဲ့ ငွေပို့ငွေလွှဲမှုတွေကတော့ အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူးလို့  FATF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။   

ရုရှားနိုင်ငံကိုလည်း ယူကရိန်းကိုကျူးကျော်မှုအတွက်  (FATF) အဖွဲ့မှာ ပါဝင်မှု အခန်းကဏ္ဍ ကနေ ဘေးဖယ်ထားလိုက်ပါတယ်။

ရုရှားရဲ့ လုပ်ဆောင်ချက်တွေဟာ ငွေကြေးစနစ် လုံခြုံ၊ ဘေးကင်း၊ ပေါင်းစည်းမှုကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ FATF အဖွဲ့အစည်းရဲ့ အဓိက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်လို့  ဒါရိုက်တာ ရာဂျာကူးမားက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံနဲ့ နီကာရာဂွါသမ္မတနိုင်ငံတို့ကိုတော့  စောင့်ကြည့်နိုင်ငံ စာရင်းကနေ ဖယ်ရှားပေးလိုက်ပြီး ဆက်လက်စောင့်ကြည့်ခံနေရတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံရှိပါတယ်။ 

မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းက နာမည်ပျက်စာရင်းသွင်းပြီး အရေးယူဆောင်ရွက်မှုတွေကြောင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ အဟန့်အတား တွေဖြစ်စေမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဖို့ခက်ခဲနေတဲ့ စစ်ခေါင်းဆောင်အာဏာရှင်တွေအတွက် ဘဏ္ဍာရေးကိုပိုပြီး ထိခိုက်နစ်နာစေတော့မှာဖြစ်တယ်လို့ သုံးသပ်ကြသူတွေလည်းရှိပါတယ်။

စီးပွားရေးသုတေသီတယောက်က “ဒီနိုင်ငံကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စွန့်စားမှု အန္တရာယ်များနေပြီဆိုရင် နိုင်ငံခြားက အသစ်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို တွန့်ဆုတ်သွားစေမယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေအနေနဲ့က စီးပွားရေးဆက်လုပ်ဖို့ အများကြီး တွေဝေသွားစေတယ်။ နောက် ထိနိုင်တဲ့အချက်က ကုန်သွယ်ရေးပေါ့။ ဘာလို့လဲဆို ဒီနိုင်ငံက အယုံအကြည် မရှိဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါ ငွေပေးချေတဲ့ payment တိုင်းမှာ လာထိတော့မှာ။ ဒီအချက်တွေက အဓိကတွေ့ကြုံရမယ့် ပြဿနာတွေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို တွေ့ကြုံလာမယ့် ဘဏ္ဍာရေးပြဿနာကို အစားထိုး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်လာနိုင်ပေမဲ့ အကန့်အသတ်များစွာနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ သုတေသီတယောက်ကလည်း “ ဒေါ်လာမသုံးတဲ့ နည်းလမ်းတွေ စဉ်းစားလာမှာပေါ့။ အခုဆိုရင် ရုရှားကို သူ အားကိုးလာတယ်။ တရုတ်နဲ့ဆိုရင် တရုတ် ယွမ်ကို အားကိုးမယ်။ ထိုင်းနဲ့ဆိုရင် ထိုင်းဘတ်ကို အားကိုးမယ်။ တနည်းအားဖြင့် ဒေါ်လာကို မသုံးရမယ့် နည်းလမ်းမျိုး သူတို့ရှာမယ်ပေါ့။ ဒါပေမဲ့ ပြဿနာကို ဘယ်လောက် ကုစားနိုင်မလဲ ဆိုတာက အဓိကစိန်ခေါ်မှုပဲ။ ဘာကြောင့်လဲဆို ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲပေါ့။ ကမ္ဘာမှာ ဦးဆောင်နေတာက ဒေါ်လာကို ဘယ်ငွေကြေးမှ ဒီကနေ့အထိ မယှဉ်နိုင်သေးဘူးနော်။ နံပါတ်-၂ က ယူရိုငွေ။ အဲဒီတော့ ရုရှားက ဘယ်အဆင့်မှာရှိလဲဆိုရင် အဆင့် ၁၁ မှာသာရှိတယ်။ ပြီးတော့ သူ့ရဲ့ ရုရှားငွေသုံးတဲ့နိုင်ငံက လက်ချိုးရေတွက်လို့ ရတယ်။ အဲဒီတော့ သူ့ထက်စာရင် တရုတ်ယွမ်က နည်းနည်းကျယ်ပြန့်သေးတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ သွားလုပ်ရင်တော့ မြန်မာပြည်ဟာ နိုင်ငံတကာက လက်ခံတဲ့ ငွေကြေးကို မသုံးစွဲဘဲနဲ့ ကိုယ်သုံးချင်တဲ့ ငွေကြေးပဲ သုံးမယ်ဆိုရင် နိုင်ငံတကာနဲ့ အပေးအယူလုပ်လို့ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ နာမည်ပျက်စာရင်းသွင်းတာ ခံရပြီးနောက် စစ်အာဏာရှင်နဲ့ အပေါင်းပါတွေရဲ့ ဘဏ္ဍာရေးနဲ့ငွေကြေးဆိုင်ရာကိစ္စတွေ ပြင်းထန်စွာ ထိုးနှက်ခံရမယ့် အလားအလာရှိနေသလို  ပြည်တွင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေ ထိခိုက်မှုရှိလာနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာဘဏ်တွေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေကြား ချိတ်ဆက်လုပ်ဆောင်မှုတွေ၊ နိုင်ငံတကာငွေပေးချေမှုလုပ်ငန်းတွေ၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ပြည်ပရောက်မြန်မာတွေရဲ့ ငွေပြန်လွှဲပို့တဲ့လုပ်ငန်းတွေ၊  နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပြီး မြန်မာပြည်ကို ငွေပို့ ငွေလွှဲလုပ်တာတွေ ပိုမိုခက်ခဲသွားနိုင်တယ်လို့လည်း သုံးသပ်ကြသူတွေ ရှိပါတယ်။

အခုလို နာမည်ပျက်စာရင်း ကြေညာလိုက်ပြီး နာရီပိုင်းအတွင်း မနေ့ညက  မြန်မာ့ကျပ်ငွေတန်ဖိုးဟာလည်း စံချိန်တင်ထိုးကျသွားပြီး ကြိုက်ရောင်း ကြိုက်ဝယ်   အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀၀ ကျော် ၅၀၀၀ နီးပါးအထိရောက်ရှိသွားပါတယ်။

ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (FATF)ကို  ၁၉၈၉ ခုနှစ်က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းတွေအတွက် ငွေကြေးရှာဖွေသုံးစွဲမှု အစရှိတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်လာနိုင်တဲ့ မသမာမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး  စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024