Home
ဆောင်းပါး
ဆန့်ကျင်တော်လှန်ရမယ့် နစကရဲ့ ရွေးကောက်ပွဲ
DVB
·
October 21, 2022

မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲအသံတွေ ထွက်လာပြန်ပြီ။ အာဏာလုစစ်အုပ်စုအဖွဲ့ရဲ့ ရွေး/ကော်ကလည်း ‘ပီအာ’ အခြေခံတဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ဖွင့်ဟလာသလို အာဏာလုအုပ်စုရဲ့ အလိုတူအလိုပါ ပါတီတချို့ကလည်း နစကပွဲမှာ ဖျာဝင်ခင်းဖို့ ပြင်ဆင်နေကြပေါ့။ နေပြည်တော်မှာတောင် ပါတီရုံးတွေ တိုးချဲ့နေတဲ့အသံလည်း ကြားနေရတယ်။ ‘ဓနမရှိ၊ ဇ,မရှိပေမဲ့ အဘရှိ’ တဲ့ ပါတီတချို့လည်း တနေရာစာ ရလိုရငြား မျှော်ကိုးနေတယ် ထင်ပါရဲ့။

တချို့ကတော့လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်နိုင်တာကြောင့်တကြောင်း၊ အာဏာလုစစ်အုပ်စုအပေါ် မယုံကြည်တာကတကြောင်းကြောင့် ပါတီဖျက်သိမ်းတာလည်း တွေ့နေရတယ်။ ဘက်အားဖြင့် သုံးသပ်ရင်တော့ အာဏာလုစစ်အုပ်စုကို ထောက်ခံတဲ့ဘက်နဲ့ မထောက်ခံနိုင်တဲ့ဘက် နှစ်ခုမှာ ကိုယ်သန်ရာဘက်က ရပ်ကြတာလို့ ပြောရင်လည်း ရနိုင်ကောင်းပါရဲ့။ ဒီအချိန်ရပ်တည်ချက်ဟာ အနာဂတ်ထိ သက်ရောက်သွားနိုင်တယ်။

မြန်မာ့သမိုင်းတလျှောက်ကို ပြန်ကြည့်တော့ မြန်မာနိုင်ငံနဲ့ ရွေးကောက်ပွဲဓလေ့ဟာ  သိပ်ရှည်ကြာခဲ့တာတော့ မဟုတ်ဘူး။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလေး သန္ဓေတည်မယ် လုပ်လိုက်၊ အနှောင့်အယှက် အဟန့်အတားတွေ့လိုက်ပဲ။ မြန်မာနိုင်ငံသားတွေအဖို့တော့ စစ်မှန်တဲ့ ရွေးကောက်ပွဲအတွေ့အကြုံဟာ နုသေးတယ်လို့ ဆိုရမယ်ထင်တယ်။ အင်္ဂလိပ် ကိုလိုနီဘဝကလည်း ရွေးကောက်ပွဲဆိုတာ ၁၉၃၅ ခုနှစ်မှ နဖူးတွေ့ ဒူးတွေ့ကြုံရတာ။ အဲဒီအရင်ကတော့ မြူနီစီပါယ် ရွေးကောက်ပွဲလောက်ပဲ ရှိသေးတာ။ ဒိုင်အာခီခေတ်မှာလည်း မည်ကာမတ္တ ရွေးကောက်ပွဲပါပဲ။ တကယ့်ရွေးကောက်ပွဲဟာ ၁၉၃၅ ခုနှစ်မှ စတာလို့ ယူဆကြပါတယ်။ အဲဒီနောက်တော့ ကမ္ဘာစစ်ကြီး ဖြစ်ပြီ။ ရွေးကောက်ပွဲဓလေ့ အရှိန်မရခင် ရပ်ဆိုင်းသွားပြန်ရော။

နောက်တကြိမ်ကတော့ အင်္ဂလိပ်ပြန်ဝင်ပြီး ၁၉၄၇ ခုနှစ် သခင်အောင်ဆန်းတို့ကာလမှာ ရွေးကောက်ပွဲ တကြိမ်လုပ်ခဲ့တယ်။ ဒါကြောင့် ကိုလိုနီခေတ်မှာ နှစ်ကြိမ်ခန့် ရွေးကောက်ပွဲ အတွေ့အကြုံရှိခဲ့ရဲ့။ နောက်တော့  မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တယ်။ ပါလီမန်ခေတ်လို့ ဆိုကြပါစို့။ ပါလီမန်ခေတ်မှာလည်း ရွေးကောက်ပွဲ ၁၉၅၁-၅၂ မှာတကြိမ်၊ ၁၉၅၆ မှာတကြိမ်၊ ၁၉၆၀ မှာတကြိမ်၊ စုစုပေါင်း သုံးကြိမ်လုပ်ခဲ့တယ်။ ၁၉၆၀ ရွေးကောက်ပွဲဟာ ပါလီမန်ခေတ်ရဲ့ နောက်ဆုံးရွေးကောက်ပွဲလည်း ဖြစ်တယ်။ နောက်တော့ အများသိခဲ့တဲ့အတိုင်း ၁၉၆၂ ခုမှာ စစ်တပ်က အာဏာသိမ်းတာပဲ။ အဲဒီအချိန်ကစလို့ ဗမာနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲ နိဋ္ဌိတံခဲ့တာ။

မြန်မာပြည်လွတ်လပ်ရေးရပြီး ပါလီမန်ခေတ် ရွေးကောက်ပွဲကို ကြည့်တော့လည်း ကိုလိုနီခေတ်လောက်တောင် မျှတတဲ့ ရွေးကောက်ပွဲနဲ့ မကြုံခဲ့ရပြန်ဘူး။ ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲကို ကြည့်ပြန်ရင်လည်း ရွေးကောက်ပွဲကို သုံးကြိမ်ခွဲ ကျင်းပခဲ့ရတယ်။ ၁၉၅၁ ခုနှစ် ဇွန်လထဲမှာ ပထမဆုံးအကျော့ ရွေးကောက်ပွဲလုပ်ပြီး တတိယအကျော့က ၁၉၅၂ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တာ။ ဒါကြောင့်လည်း ရွေးကောက်ပွဲကို ၁၉၅၂ မှာ လုပ်တာလို့ ယေဘုယျ ပြောလေ့ရှိပါတယ်။ ဖဆပလက အနိုင်ရတယ်ဆိုပေမဲ့ ရောင်စုံသူပုန်တွေကြားမှာ မျှတမှု၊ လွတ်လပ်မှု မရှိခဲ့တာ အမှန်ပဲ။

ရောင်စုံသူပုန်ထတဲ့ ကာလပေကိုး။ ဖဆပလရဲ့ ခါးပိုက်ဆောင်တပ်တွေက ဖဆပလကို မဲပေးဖို့ လက်နက်နဲ့ ခြိမ်း‌ခြောက် မဲထည့်ခိုင်းခဲ့တာတွေ။ စစ်တပ်က လိမ်မာပါးနပ်စွာ ပရိယာယ်အမျိုးမျိုး ဆင်ပြီး ဖဆပလအတွက် ကူညီခဲ့တာတွေကို ပြည်သူတွေ ကြုံတွေ့ခဲ့ရတယ်။ ဘယ်လောက်အထိ လုပ်လဲဆိုရင် အတိုက်အခံအဖွဲ့တွေ (ပမညတ) တရားပွဲလုပ်ရင် အဲဒီပွဲကို ပြည်သူတွေ နားမထောင်ရအောင် စစ်တပ်က သေနတ်နဲ့ပစ်ပြီး ‘ရွာထဲမှာ သူပုန်တွေ ဝင်နေတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရ’ ဆိုပြီး ပစ်ခတ်၊ ခြိမ်းခြောက်တားမြစ်ပေးတာတွေအထိ လုပ်လာတယ်။ ဒါကြောင့်လည်း လူထုက မဲဆန္ဒနဲ့ပတ်သက်ရင် လက်နက်ကိုင်အဖွဲ့တွေကို ရွံရှာခဲ့ကြတာ အယုံအကြည်ကင်းမဲ့ခဲ့တာဟာ အဲဒီအချိန်ကတည်းကပဲ။ ‘ဘာတွေ မျက်စိလည်နေလဲ’ မသိ။ (အခုလည်း ဒီလိုမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။)

၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာလည်း ထိုနည်းအတိုင်းပါပဲ။ လွတ်လပ်ရေးရပြီးနောက် ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဖဆပလရဲ့ အနှစ် ၄၀ အာဏာတည်မြဲရေး ကြွေးကြော်သံနဲ့အတူ ‘ရှုံးလည်း အနိုင်၊ နိုင်လည်း အနိုင်’ ဆိုတဲ့ အာဏာအတွက် နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့တာတွေရှိတာပဲ။ စစ်တပ်ကလည်း ကြားမနေခဲ့ပါဘူး။ အတိုက်အခံပါတီတွေကို ဖမ်းဆီးခြိမ်းခြောက်တဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေ၊ လူသတ်တာတွေ၊ အတိုက်အခံပါတီဝင်အချို့ကိုလည်း ဖဆပလ ခါးပိုက်ဆောင် ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ ဒီအတိုင်းလည်း ဖဆပလက မဲအများကြီး အနိုင်ရနိုင်တာပါပဲ။ ဒါပေမဲ့ အတိုက်အခံအဖွဲ့က ဩဇာရှိသူတွေ ပါလာမှာ ကြောက်တာကိုး။

အဲဒီမှာ ပြောချင်တာက မြန်မာပြည်သူလူထုဟာ ဖဆပလတလျှောက်လုံး လွတ်လပ်ပြီး မျှတတဲ့ ဆန္ဒမဲပေးခွင့် မကြုံခဲ့ကြရဘူး။ ဒါပေမဲ့ ပြည်သူလူထုဟာ ‘လူတည်မြဲ မဲသန့်ရှင်း’ လုပ်ခဲ့ရတဲ့ အတွေ့အကြုံကိုတော့ ရခဲ့တယ်။ လူပုဂ္ဂိုလ်အရ ကြံ့ဖွံ့ဖြစ်ချင်ဖြစ်မယ်။ မဆလပါတီ အမွေခံတဲ့ တစည ဖြစ်ချင်ဖြစ်မယ်။ မဲကိုတော့ ကိုယ်ကြိုက်ရာပါတီကို မဲပေးတဲ့ အတွေ့အကြုံရခဲ့တယ်။

ဒါကြောင့်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသတ်နိုင်ခဲ့တာ သာဓကပဲ။ ၁၉၉၀ မှာ မဲနိုင်ခဲ့ပေမဲ့ စစ်တပ်က နောက်တကြိမ် ထပ်အာဏာသိမ်းပြီး သဲထဲရေသွန်ဖြစ်သွားတယ်။ အဲဒီမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဆိုတာ တကဏ္ဍရပ်နားခဲ့ရပြန်တယ်။ မျှတခြင်း၊ မမျှတခြင်း ဆိုတာ အသာထား၊ ရွေးကောက်ပွဲဓလေ့ ရှင်သန်ဖို့တောင် ထပ်မံအညွန့်ချိုးခံလိုက်ရပြန်သေးတယ်။

အဲဒီလိုနဲ့ မြန်မာလူထုဟာ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ စကားရပ်အပေါ်မှာ သံသယကြီးကြီးထားခဲ့ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာပြန်တော့ လူထုဟာ ကိုယ်လိုချင်တဲ့ပါတီ အဖွဲ့အစည်း မပါပေမဲ့ ‘အကျိုးနဲ့ အကန်းများ’ ထဲက တခုခုကို ရွေးရမှာကြောင့် မဲမထည့်ခဲ့ကြသူတွေရှိသလို မဲထည့်သူကလည်း စစ်တပ်မဟုတ်ရင်ပြီးရော ဆိုပြီး မဲထည့်ခဲ့ကြတယ်။ ဒီလိုနဲ့ မဘသ ခင်ဝိုင်းကြည်တောင် အမတ်ဖြစ်လိုက်သေးရဲ့။ လူထုဟာ အဲဒီအချိန်အထိ အကျိုးနဲ့ အကန်းထဲက တခုခုကိုသာ ရွေးခွင့်ရှိခဲ့တယ်။ “အဆိုးနဲ့ အကောင်း” ကို ရွေးခွင့်မရခဲ့ကြပါဘူး။

၂၀၁၅ ခုနှစ်ထဲရောက်တော့ လူထုကြိုက်တဲ့ပါတီကလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လာတယ်။ လူထုရဲ့ မျှော်လင့်ချက်ရောင်ခြည် ပွင့်ထွက်လာခဲ့တယ်။ ‘အဆိုးထဲက အကောင်း’ ကို ဆန္ဒဖော်ထုတ်ပြခွင့်ရခဲ့လေတော့ NLD ဟာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်။ အနိုင်ရပါတီကို အာဏာလွှဲရေး၊ မလွှဲရေးအထိ တိုးတိုးတိတ်တိတ် ပြဿနာဖြစ်ခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲလိုမဖြစ်အောင် စစ်အာဏာရှင်အဓိပတိတွေဆီ ကတိကဝတ်တွေပေးပြီး နိုင်ငံတော်အာဏာကို ချော့ယူခဲ့ရတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD က နောက်တကြိမ် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်တယ်။ အဲဒီလို အနိုင်ရခဲ့တာကြောင့်လည်း စစ်တပ်ရဲ့ လက်နက်နဲ့ ခြိမ်းခြောက်အာဏာလုယူတာ ခံလိုက်ရပြန်တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲယဉ်ကျေးမှု နောက်တကြိမ် အဖျက်သိမ်းခံလိုက်ရတာပါပဲ။ အညွန့်တလူလူနဲ့ ရှေ့တဆင့်တက်လှမ်းဖို့ ကြံလေတိုင်း စစ်တပ်ရဲ့ အာဏာသိမ်းတာကို အကြိမ်ကြိမ်ခံလိုက်ရတယ်။ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ မျှတတဲ့ ရွေးကောက်ပွဲဓလေ့ ထွန်းကားမှာကို သိပ်စိုးရိမ်ခဲ့တာ။ အဓိကကတော့ စစ်တပ်က ပြည်သူလူထုကို ကျွန်ပြုချယ်လှယ်ခွင့် မရတော့မှာကြောင့် မမှန်တဲ့ အကြောင်းပြချက်နဲ့ ‘လိပ်ကို ကြမ်းပိုးလုပ်ပြီး’ အာဏာလုယူတာပဲ ဖြစ်တယ်။

အခုလည်း အာဏာလုစစ်အုပ်စုက ရွေးကောက်ပွဲအသံတွေ ပေးနေပြန်ပြီ။ တော်လှန်ရေးအဖွဲ့တွေကလည်း ရွေးကောက်ပွဲဖျက်ဖို့ လုပ်ဆောင်နေကြပါတယ်။ မြန်မာလူထုကတော့ အာဏာလုစစ်အုပ်စုကို လက်မခံ။ သူတို့လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ဘဝတကွေ့ အတွေ့အကြုံတွေအရ အယုံအကြည်မရှိကြပါဘူး။ စစ်အုပ်စုကလည်း ဗိုလ်သန်းရွှေတို့ လုပ်ခဲ့သလို NLD သို့မဟုတ် လူထုသဘောကျ နှစ်ခြိုက်တဲ့ပါတီတွေ မပါစေဘဲ ကြံ့ဖွံ့နဲ့ အပေါင်းအပါဖြစ်တဲ့ အလိုတူအလိုပါ ‘ဗြုတ်စဗျင်းတောင်းပါတီ’ တွေလောက်နဲ့ လုပ်ဖို့ ပြင်ဆင်နေဟန်ပါပဲ။ ရွေးကောက်ပွဲကို နစကရဲ့ ထွက်ပေါက်အဖြစ် ယူဆထားဟန်ပါပဲ။

သေချာတာကတော့ စစ်တပ်ဟာ ဘယ်တုန်းကမှ ကြားမနေခဲ့ဘူး။ ပြီးတော့ နိုင်ငံရေးမှာ စစ်တပ် ပါဝင်နေသမျှတော့ မြန်မာ့နိုင်ငံရေးဟာ ရှုပ်ထွေးပွေလီနေအုံးမှာပဲ။ ရွေးကောက်ပွဲဓလေ့ဆိုတာလည်း အညွန့်တက်လာလိုက်၊ စစ်တပ်က ချိုးနှိမ်လိုက်၊ မခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ အာဏာသိမ်းလိုက်။ ရွေးကောက်ပွဲ ထပ်လုပ်လိုက်နဲ့ အညွန့်ချိုးခံရတဲ့ ဝဲဩဃထဲက ထွက်နိုင်မှာ မဟုတ်တော့ဘူး။ စစ်အုပ်စုလုပ်ပေးမယ့် ရွေးကောက်ပွဲကလည်း ဒီမိုကရေစီအတွက်တော့ မဟုတ်။ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ရည်ရွယ်ချက်သာ ဖြစ်တယ်ဆိုတာကို ပြည်သူတွေက သိနေတယ်။

ဒီရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့အဖွဲ့တွေကတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်မရနိုင်တဲ့ ဗြုတ်စဗြင်းတောင်းပါတီတွေပဲ ဖြစ်နေတယ်။ သူတို့ကတော့ အရိုးကိုက်ရလို ကိုက်ရငြား မျှော်လင့်နေဟန်ပါပဲ။ သူတို့ကတော့ အစိုးရဖွဲ့နိုင်ရေးထက် အရိုးကိုက်ခွင့်ရတဲ့ လက်ဝေခံဘဝနဲ့ တင်းတိမ်နိုင်တဲ့သူတွေလို့တော့ ဆိုနိုင်တယ်။

ဒီတော့ ဒီတကြိမ်မှာ စစ်တပ်ကလုပ်ပေးမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရုံမက အာဏာရှင် အမြစ်ဖြတ်နိုင်ဖို့ လိုတယ်။ ဒါမှ နောင်အနာဂတ် ဗမာနိုင်ငံအတွက် အညွန့်လူလိုက်၊ စစ်တပ်က အာဏာသိမ်းလိုက် အဆိုးကျော့ သံသရာဝဲဩဃထဲက လွတ်မြောက်နိုင်မှာဖြစ်ကြောင်း ထပ်လောင်းနှိုးဆော်လိုက်ရပါတယ်။

နစကလုပ်မယ့် ရွေးကောက်ပွဲအား ဆန့်ကျင်တော်လှန်နိုင်ကြပါစေ။

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024