Home
ဆောင်းပါး
အာဏာသိမ်းခဲ့သည့်အပေါ် စစ်ခေါင်းဆောင်နောင်တရပုံရှိဟု RCSS ဥက္ကဋ္ဌ ယွက်စစ်ပြော
DVB
·
October 21, 2022

မြန်မာပြည်မှာ အာဏာသိမ်းခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နောင်တရမယ့်ပုံရှိတယ်လို့  RCSS/SSA ရှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ThaiPBS သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ  ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်လွှင့်သွားတဲ့  အဆိုပါအင်တာဗျူးမှာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေတွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် အမြင်သဘောထားတွေကို  ထိုင်းသတင်းဌာနက မေးမြန်းခဲ့ရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ နှစ်ကြိမ်တိုင် သွားရောက်တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖြေကြားသွားတာပါ။ 

ဖြေ- ယွက်စစ်- “၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက မြန်မာပြည်မှာ အာဏာသိမ်းမှုတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ဦးနေဝင်းလက်ထက်၊ ဦးသန်းရွှေလက်ထက်စသဖြင့်ပေါ့။ ဒါပေမဲ့ အာဏာသိမ်းမှုတွေထဲမှာ ဒီတကြိမ်အဆိုးရွားဆုံးပဲလို့ ကျနော်မြင်တယ်။ ပြဿနာက နိုင်ငံရေးပေါ့။ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရတယ်၊ စစ်တပ်ကလက်မခံဘူး။ အန်အယ်လ်ဒီ မဲလိမ်တယ်လို့ပြောတယ်။ မဲကိစ္စကျနော်တို့တော့မသိပါဘူး။ တို့ကရွေးကောက်ပွဲလည်း မဝင်ဘူးလေ။ အာဏာသိမ်းရင် ပြဿနာတက်မယ်လို့တော့ ထင်ထားပြီးသား။ တကယ်လည်း အခြေအနေတွေဆိုးလာတယ်။ သူ့ (ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်) အနေနဲ့တော့ ဒီလောက်ဆိုးမယ်လို့ မထင်ဘူးပေါ့။ ကျနော့်တယောက်တည်း အမြင်အရပြောရရင် နောင်တရမယ့်ပုံရှိတယ်။ ထိန်းသိမ်းရခက်နေတယ်လေ။ အခြေအနေက  ရှစ်လေးလုံးတုန်းကနဲ့မတူဘူး၊ ပြည်သူတွေ အများကြီးအုံကြွလာတယ်။ အာဆီယံနဲ့ နိုင်ငံတကာကို အကူအညီတောင်းတယ်။ မရတော့ တုတ်တုတ်ချင်း ဓားဓားချင်းချဖို့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေပေါ်လာတယ်။ PDF တွေက နေရာ တိုင်းလိုရှိနေတော့ ဘယ်နေရာကို ဦးတည်တိုက်ရမလဲမသိဘူး။”

မေး- အင်အားကြီးတဲ့စစ်တပ်ကို PDF တွေက နိုင်အောင်တိုက်နိုင်မှာလား။ 

ဖြေ- “PDF ဆိုတာ ပြည်သူတွေဆီက ဖြစ်လာတာလေ၊ တိုက်ခိုက်နည်းတွေသူတို့မသိဘူး၊ တချို့တလေတော့သိမှာပေါ့။ နယ်မြေအပိုင်းမှာတော့ အားသာတယ်။ သူတို့ ပြောက်ကျားလိုတိုက်တယ်။ ဗုံးခွဲတယ်၊ ဗုံးလည်းကိုယ့်ဖာသာ ကိုယ်လုပ်တယ်။ တော်လှန်ရေး အရှိန်ပိုမြင့်လာနိုင်တယ်။ အရေးကြီးတာ SAC ( စစ်ကောင်စီ )က ဘယ်လိုဖြေရှင်းမလဲ။” 

မေး- ဒါဆိုရင် မင်းအောင်လှိုင်အနေနဲ့ အလျှော့ပေးလာနိုင်မလား၊ သူ့သဘောထားက ဘယ်လိုလဲ။

ဖြေ- “ကျနော်တို့ကိုတော့ အလျှော့ပေးတဲ့အနေနဲ့ အချက် ၄ ချက်ပြောတယ်။ (၁) ဖက်ဒရယ်ဒီမိုကရေစီပေါ့၊ အရင်က လုံးဝလက်မခံဘူး။  (၂) က ရွေးကောက်ပွဲကို PR စနစ်နဲ့လုပ်မယ်။ (၃) ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကုန်လုံးနဲ့ ဆွေးနွေးမယ်။ (၄) က ပြဿနာဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ တချို့အချက်တွေကို ပြင်ဆင်မယ်လို့ပြောတယ်။ ကျနော့်အမြင်ကတော့ နိုင်ငံရေးကိစ္စ အရင်ပြေလည်အောင်မဆွေးနွေးဘဲ ၂၀၀၈ ဥပဒေ ပြင်လို့မရဘူး။ ၂၀၀၈ ဥပဒေက သူတို့သဘောနဲ့ သူတို့ရေးထားတာလေ။ အရင်ဆုံး တိုင်းရင်းသား ပြည်သူတွေအားလုံးက ဖက်ဒရယ်ဒီမိုကရေစီကိုလိုလားတာ။ ဘယ်လိုပုံစံနဲ့ သွားကြမလဲ၊ ဘယ်လိုအာဏာခွဲဝေမလဲ ဆိုတာကို အတူဆွေးနွေးပြီးပုံဖော်ကြရမှာ။”

မေး- ဒါတွေကို မင်းအောင်လှိုင်သိအောင် ပြောခဲ့သေးလား။ သူဘာပြန်ပြောလဲ။ 

ဖြေ- “ပြောပါတယ်။ သူကတော့ နားထောင်တာဘဲ။ လက်ခံလား လက်မခံလားလဲတော့ မသိဘူးပေါ့။ ” 

မေး- NUG ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ သတိထားဖို့၊ စစ်ကောင်စီက မက်လုံးပေးတာ လိမ်ညာပြီး သွေးခွဲနေတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အင်အားချိနဲ့အောင်လုပ်နေတာလို့ သတိပေးထားတယ်၊ အဲဒီပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ- “အဲဒါသူတို့သတိပေးမှမဟုတ်ပါဘူး။ ကျနော်တို့ နှစ်ပေါင်း ၅၀ - ၆၀ ကျော်တိုက်လာတာ ကျနော်တို့ သူတို့ထက်ပိုသိပါတယ်။ ကျနော်တို့ဆီမှာ အချက်အလက်တွေ သူတို့ထက်ပိုရှိတယ်၊ အမှန်က ပြဿနာက NUGနဲ့ တပ်မတော်ကြားဖြစ်နေတာ။ တို့တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့မဆိုင်ဘူး။ တို့လည်းသွားမပတ်သက်ဘူး။ အဖွဲ့တိုင်းနဲ့တော့ ဆွေးနွေးလို့ရပါတယ်။ တော်လှန်ရေးက ဘာကြောင့်ဖြစ်လာရသလဲဆိုရင် ဆွေးနွေးဖို့ စားပွဲဝိုင်းမရှိလို့ပေါ့။ ” 

မေး- အန်စီအေစာချုပ်လက်မှတ်ထိုးမထားတဲ့အဖွဲ့ ဥပမာ ‘ဝ’ အဖွဲ့တွေလိုက စစ်ကောင်စီနဲ့ သွားဆွေးနွေးတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ- “အမှန်တော့ အဖွဲ့တိုင်းအပစ်ရပ်ပါတယ်။ ဆန္ဒပြပွဲတွေက စစ်တပ်နဲ့ အန်အယ်လ်ဒီရဲ့ ပြဿနာကြောင့်ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မဆိုင်ဘူး PDF ကလည်း အန်အယ်လ်ဒီ ထောက်ခံသူတွေပဲ။ ဒါပေမဲ့ ပြည်သူနဲ့  PDF တွေက အတူနေထိုင်ကြတယ်။”

မေး- မင်းအောင်လှိုင်က အာဏာသိမ်းတဲ့အပေါ်နောင်တရသလိုပဲလို့ ခင်ဗျားမြင်တယ်၊ ဒါပေမဲ့ အာဆီယံက အကြံပြုတာ တောင်းဆိုတာတွေ မလိုက်လျောခဲ့ဘူး၊ အတိုက်အခံတွေကို သေဒဏ်ပေးတယ် ၊ အဲဒီအပေါ် ဘယ်လိုမြင်လဲ။”

ဖြေ- “ပထမဆုံးအကြိမ်သွားကတည်းက ကျနော်မေးပါတယ်။ နိုင်ငံတကာက ဖိအားပေးတာ၊ အာဆီယံကတောင်းဆိုတာ၊ ပြည်သူတွေဒုက္ခရောက်တာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ များလာတာ၊ ဘယ်လိုဖြေရှင်းမလဲဆိုတော့ သူ(မင်းအောင်လှိုင်က) အပေါ်ယံပဲဖြေတယ်၊။ သူတို့လည်း ကြိုးစားဖြေရှင်းနေတာပဲတဲ့။ အဖွဲ့တိုင်းနဲ့ဆွေးနွေးမယ်။ အကောင်းဆုံးလုပ်သွားမယ်။ အဲဒါကြောင့်ဖက်ဒရယ် ဒီမိုကရေစီကိုလက်ခံတာ။ မူအားဖြင့်တော့လက်ခံတယ်ပေါ့။ အသေးစိပ်တော့ ဆွေးနွေးရမှာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပြောတာ။ ဒါပေမဲ့  NUG နဲ့တော့ မဆွေးနွေးဘူးလို့ အပြတ်ပြောတယ်။”

မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆယ်နှစ်ကျော်တွေ့ခဲ့ပြီးပြီ။ မင်းအောင်လှိုင်နဲ့လည်း အကြိမ်ကြိမ်သွားဆွေးနွေးခဲ့တယ်။ မျှော်လင့်ချက်တွေပို ရှိလာသလား။

ဖြေ- “အမှန်တော့တို့က အန်စီအေလက်မှတ်ထိုးပြီးပြီ။ အန်စီအေက တို့လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့လုံးနဲ့ဆိုင်တယ်။ မင်းအောင်လှိုင်က အာဏာသိမ်းပေမယ့် အခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ မကြေညာသေးဘူး။ နိုင်ငံရေးပါတီတွေ ရုပ်သိမ်းတယ်လို့ မကြေညာသေးဘူး။ အန်စီအေ ရုပ်သိမ်းတယ်လို့ မကြေညာသေးဘူး။ အဲလိုမကြေညာတော့ သူကတို့နဲ့ဆွေးနွေးချင်တယ်ဆိုတော့ တို့သွားရမှာပေါ့ ။ ဘာလို့လဲဆို ငါတို့ဘာမှ အမှားမလုပ်ထားဘူးလေ။”

မေး- အခြေအနေ ကောင်းမွန်လာသလားဆိုတာကို စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တိုက်ပွဲ ရှိ မရှိပေါ်မူတည်တယ်။ အစကမြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ လက်ရှိအခြေအနေမှာရော တိုက်ပွဲက ဘယ်လိုရှိလဲ။

ဖြေ- “ကျနော်တို့အဖွဲ့အနေနဲ့တော့ ဘယ်သူနဲ့မှမတိုက်တော့ပါဘူး။ ဘာလို့လဲဆို တို့ကကြေညာချက်ထုတ်ထားတယ်လေ။ ဆွေးနွေးမယ်ဆိုရင် တိုက်ပွဲရပ်ထားမှ ပစ်ခတ်တဲ့အခါ ဆိုးကျိုးပဲရှိတယ်။ ဒုက္ခရောက်ရတာပြည်သူတွေ။ စစ်သည်တွေလည်း မသေသင့်ဘဲသေရတယ်။ ဒဏ်ရာမရသင့်ဘဲရကြတယ်။ ဒါကြောင့် ဆွေးနွေးဖို့ ထုတ်ပြန်ကြေညာရတာ၊ အဖွဲ့တိုင်းဆွေးနွေးကြပါ။ တိုက်ခိုက်တာတွေ မလုပ်ကြနဲ့တော့လို့။”

မေး- ကြေညာချက် မထုတ်ခင်၊ မင်းအောင်လှိုင်နဲ့သွားမတွေ့ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  အလွတ်သဘောဆွေးနွေးတာတွေ ရှိသေးလား။ 

ဖြေ- “မရှိဘူး။ မင်းအောင်လှိုင်လည်းကြေညာတယ်။  ၂၀၂၂ ခုနှစ်ဟာ အပစ်အခတ်ရပ်တဲ့ နှစ်ဖြစ်ရမယ်လို့။ အဲဒါကောင်းတယ်လေ။ ကျနော်လည်းကြိုဆိုတယ်။ အကုန်လုံးနဲ့ဆွေးနွေးမယ်ဆိုတော့  တို့လဲဆွေးနွေးမယ်ပေါ့။”

မေး- RCSS က လက်နက်ကိုင်အဖွဲ့တွေနဲ့ ၄ လအတွင်းဆွေးနွေးမယ်လို့ စာထုတ်ထားတယ်။ အဲဒါအောင်မြင်ဖို့က အဓိကအချက်ဘာလဲ။

ဖြေ-“အဲဒါတော့ ခန့်မှန်းရခက်တယ်၊ ဘာလို့လဲဆို ကြေညာထားတာမကြာသေးဘူး။ စာလည်းပို့ထားတာမကြာသေးဘူး၊ ၄- ၅ လအတွင်း သူတို့ဘယ်လိုသဘောထားလဲဆိုတာ စောင့်ကြည့်ရမယ်၊ သူတို့ဘက်ကဆွေးနွေးလိုရင် အတူတူညှိနှိုင်းအဖြေရှာကြမယ်၊ ငြိမ်းချမ်း ရေးရအောင်ဘယ်လိုလုပ်ကြမလဲပေါ့။”

မေး- အစိုးရတပ်နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဘာကြောင့်ဆွေးနွေးလို့ မပြေလည်ကြတာလဲ၊ အဓိကအကြောင်းရင်းကဘာလဲ။

ဖြေ-“အာဏာသိမ်းခဲ့တဲ့အကြိမ်တိုင်းဟာ ဗမာစစ်တပ်ဘဲ။ ‌၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်မတိုးတက်တာ အုပ်ချုပ်သူက တရားမျှတမှုမရှိလို့။ ကိုယ်ကျင့်တရားမကောင်းလို့။ အာဏာကိုတဦးတည်းချုပ်ကိုင်ထားတယ်။ အဲဒါပြဿနာကြီးပေါ့။ ဘယ်အစိုးရတက်တက် ဗမာလူမျိုးကပဲ ကြီးစိုးတယ်၊ တို့တိုင်းရင်းသားတွေက အရန်သက်သက်ပဲ။ တို့တိုင်းရင်းသားမှာ အာဏာမရှိဘူး။ ဘာဖြစ်လို့အတူနေခဲ့ကြလဲဆို ရှမ်းမှာသက်သေရှိတယ်။ ပင်လုံစာချုပ်မှာ အတိအလင်းရေးထားတယ်။ ပင်လုံစာချုပ် ဘာလို့ချုပ်ရသလဲ။ တို့က တတိုင်းပြည် တည်းမှမဟုတ်ခဲ့ပဲ။ တိုင်းပြည်တွေစုပြီးမှ ပြည်ထောင်စုလုပ်ခဲ့တယ်။ သူတို့က အာဏာသိမ်းတယ်။ ပြည်ထောင်တွေကို တစ်ခုတည်းဖြစ်အောင်လုပ်တယ်။  ကိုယ်ကျင့်တရားလည်းမရှိ။ တရားမျှတမှုလည်းမရှိဘူဆိုရင် တော်လှန်မှုတွေက ရှိနေဦးမှာပဲ။”

မေး-နိုင်ငံတကာက မင်းအောင်လှိုင်ကို  စစ်အာဏာရှင်၊ တိုင်းပြည်ကိုပြဿနာရှာတဲ့သူလို့မြင်တယ်၊ ခင်ဗျားအနေနဲ့ သူနဲ့အကြိမ်ကြိမ်သွားတွေ့ခဲ့ပြီး သူ့ကို ဘယ်လို လူစားလဲလို့ မြင်သလဲ။ 

ဖြေ- “ခန့်မှန်းရခက်ပါတယ်။ မျက်နှာမြင်ပေမယ့် စိတ်ကိုမှမမြင်ရဘဲ။ ပြောတာ ဆိုတာတော့ မိတ်ဆွေလိုပါဘဲ။ အာဏာရှင်လိုမပြုမူပါဘူး။ ဒါပေမဲ့ သူ့အတွင်းစိတ်တော့ မသိဘူးလေ?”

မေး- ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကော သူဘာတွေပြောသေးလဲ ၊ ဘာလုပ်မှာလဲ။

ဖြေ- “သူကရှင်းရှင်းလင်းလင်းမပြောပါဘူး၊ အာဆီယံကသွားပြီးဆွေးနွေးတာလဲ သူတို့ ဘာဆွေးနွေးလဲမသိဘူး။ သတင်းတွေထဲကြည့်ရသလောက်တော့ အာဆီယံကိုယ်စားလှယ်က  မှန်ကန်တဲ့ အချက်အလက်တွေမရသလိုဘဲ။ သူတို့က အချက် ၃ ချက်တောင်းဆိုတာတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ လွှတ်ပေးဖို့၊ တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုတယ်၊ အဲဒါက ပြဿနာဖြေရှင်းနည်းမဟုတ်ဘူး။ အာဆီယံအနေနဲ့ ပြဿနာကို အမှန်တကယ်ဖြေရှင်းချင်ရင် အရင်ဆုံးအချက်အလက်တွေကောက်ယူ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ဆုံ၊ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံ၊ ပြည်သူလူထုတွေနဲ့တွေ့ဆုံ၊ မင်းအောင်လှိုင်နဲ့တွေ့ဆုံ၊ အဖွဲ့တိုင်းဆီက အချက်အလက်တွေရပြီးရင် အားလုံး လာပြီး တွေ့ဆုံအောင်လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်ကိုပဲတွေ့ရုံနဲ့ ပြဿနာမဖြေရှင်းနိုင်ဘူး။ ပြဿနာက အဲဒီထက်နက်နဲတယ်။ ပြဿနာက နှစ်ပေါင်း ၇၀ ကတည်းက ရှိခဲ့တာလေ။”

(Thai PBS ရုပ်သံသတင်းဌာနနှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံမေးမြန်းချက်ကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။ )

Ref- Photo Credit- Thai PBS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024