ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ သစ္စာလမ်းပေါ်ရှိ အမှတ် ၃၆ ယာဉ်ထိန်းတပ်ဖွဲ့စုရုံးရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမှတ် ၃၆ ယာဉ်ထိန်းတပ်ဖွဲ့စုရုံးရှေ့မှာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်တွေ ပိတ်ဆို့စစ်ဆေးတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“ဗုံးပေါက်တာ သိတယ်။ ဒါပေမဲ့ ထိတာတို့ သေတာတို့ပဲ မသိတာ။ သွားကြည့်လို့မရဘူး။ ဗုံးပေါက်ပြီဆိုတာနဲ့ ချက်ချင်းရောက်လာတာ။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လက်ကျန်ဗုံး ရှိ၊ မရှိ ထပ်မံရှာဖွေပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“ဗုံးပေါက်ပြီး ထပ်ရှာကြသေးတယ်။ ဗုံးရှိသေးလားဆိုပြီး ဒဏ်ရာရတဲ့သူ မရှိဘူး ပြောတာပဲ။ အုပ်ချုပ်ရေးဘက်က သေချာတော့ မသိဘူး။”
ဒီကနေ့ မနက်ပိုင်းကလည်း ရွှေပြည်သာတံတားအဆင်းမှာ ဗုံးပေါက်ကွဲပြီးနောက် တံတားကို ပိတ်ဆို့စစ်ဆေးခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၂၄ ကြိမ်ဖြစ်ခဲ့ပြီး ၃ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။