ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
"ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချလိုက်တယ်။ တမှုကို ၇ ယောက်လောက် ပြန်ခေါ်သက်သေတွေ ခေါ်ထားတယ်။ နောက်ရုံးချိန်းမှာ ၄ ယောက် စစစ်မယ်”လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီ စွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။