ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် သမ္မတဦး၀င်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာ ၁၇ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
“ဒီနေ့ရုံးချိန်းမှာ ပုံစံ ၃ နဲ့ အပ်တဲ့အချိန်မှာ အသိသက်သေအဖြစ် လက်မှတ်ထိုးရတဲ့ ရာအိမ်မှူးနှစ်ယောက်ကို စစ်တယ်။ ပြီးတော့ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးတယ်။ မနက်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှာပေါ့” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦး၀င်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။