ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက်သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သူတို့ မိုင်းဆွဲခံရပြီးတော့ စကစတပ်က မနေ့ကညနေပိုင်းမှာ ပြည်သူပိုင်နွားနှစ်ကောင် ကိုလည်း အကြောင်းမဲ့ ပစ်ခတ်သွားပါသေးတယ်။ သူတို့ဘက်က ဒဏ်ရာသူတွေကို သယ်ဖို့ဆိုပြီး ရွာသားတွေကို ပေါ်တာဆွဲတာတွေလည်း လုပ်တယ်။”
ပျဥ်းမခေါင်အုပ်စု၊ ကြက်မနက်ကျေးရွာကနေ ညောင်လေးပင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနက် ၁၀ နာရီခွဲလောက်က ပဒေသာမိုင်းနှစ်လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က စစ်သား ၄ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နေ့ခင်း ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် ပဒေသာမိုင်း ထပ်မံဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။