မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရွှေထုတ်ရောင်းချပြီးနောက် တပတ်အတွင်း ရွှေတကျပ်သား ၂၅ သိန်း ၇ သောင်း ပြန်လည်ကျဆင်းလာပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအခေါက်ရွှေဈေးဟာ ၁ ကျပ်သားကို ကျပ် ၂၇ သိန်းအထက် ရှိခဲ့ရာကနေ ဒီနေ့ မွန်းလွဲပိုင်းမှာ ၂၅ သိန်း ၇ သောင်းအထိ ဈေးပြန်ကျလာတာပါ။
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်းက ဦးဆောင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းသားတွေပိုင်တဲ့ ရွှေတွေကို ဈေးကွက်ပေါက်ဈေးထက်နည်းတဲ့ နှုန်းထားနဲ့ လူထုတိုက်ရိုက်ရောင်းချပေးခဲ့သလို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ဈေးပြိုင်တင်ဒါစနစ်နဲ့ ရွှေပိဿာချိန် ၆ ပိဿာကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ရောင်းချပေးခဲ့ပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ အသင်းသားပိုင် မီးလင်းအခေါက်ရွှေ ၁၀ ပိဿာကျော်ကို ရောင်းချပေးသွားမယ်လို့ ကြေညာထားပါတယ်။
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်မှာရှိတဲ့ အသင်းရုံးမှာ အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီကနေ ၃ နာရီအထိ လူတဦးကို ရွှေ ၁ ကျပ်သားကနေ ၁၀ ကျပ်သားအထိ ငွေလက်ငင်းစနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ကြေညာထားတာပါ။
ပြည်တွင်းရွှေဈေး အမြင့်ဈေးတန်းမှာ ရှိနေချိန် အခုလို ရောင်းချပေးမှုတွေကြောင့် ဈေးကွက်ထဲ ရွှေဝင်ရောက်မှု များလာပြီး ဈေးအနည်းငယ် ပြန်လည်ကျဆင်းလာတာလို့ ရွှေလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။ ဝန်ကြီးဌာနနဲ့ အသင်းအဖွဲ့တွေအနေနဲ့ အခုလိုမျိုး ဆက်လက် ရောင်းချပေးမယ်ဆိုရင် ရွှေဈေးတည်ငြိမ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“ရွှေစျေးနှုန်း တည်ငြိမ်ဖို့ အရှုံးခံ ရောင်းပေးတယ်လို့ ပြောတယ်။ အခုလို ဆက်ရောင်းပေးနေမယ် ဆိုရင်တော့ အရမ်းကြီးမကျတောင် ဒီဈေးတန်းမှာ ငြိမ်နေနိုင်တယ်။ အရင်လို အတက်အကျ မကြမ်းတော့ဘူးပေါ့။ ဒါပေမဲ့ ကမ္ဘာ့ရွှေနဲ့ ပြည်တွင်းဒေါ်လာဈေးအပေါ်မှာလည်း မူတည်တယ်” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ပြင်ပစျေးကွက်မှာ ရွှေ ၁ ကျပ်သားကို ကျပ် ၂၆ သိန်း ၃ သောင်းဝန်ကျင် ရှိနေချိန် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်း အခေါက်ရွှေ ၁ ကျပ်သားကို ၂၅ သိန်း ၄ သောင်းနှုန်းနဲ့ တအိမ်ထောင်ကို ရွှေတပိုင်းနှုန်း ရောင်းချပေးခဲ့ပါတယ်။ အသင်းသားပိုင် ရွှေချိန် ၇ ပိဿာကို ရောင်းချပေးခဲ့တာလို့ သိရပါတယ်။
“အပြင်ပေါက်ဈေးထက် အနည်းဆုံး ၁ သိန်းဝန်းကျင်လောက်လျှော့ပြီး ရောင်းပေးတယ်လို့ ပြောရမှာပေါ့။ အခုအပြင်ဈေးကွက်ပေါက်ဈေးက ၂၅ သိန်း ၇ သောင်းထိ ကျနေတော့ ၁၂ ရက်နေ့ ရန်ကုန်အသင်းရုံးမှာ ရောင်းတဲ့အခါ ဘယ်ဈေးဖြစ်မလဲ မသိဘူး။ ရောင်းဈေးကတော့ အဲဒီနေ့ကျမှ သိရမယ်ထင်တယ်” လို့ ရွှေဝယ်ရောင်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က တရားဝင်ရည်ညွှန်းဈေးကို ကျပ်သိန်း ၂၀ ဝန်းကျင်မှာပဲ သတ်မှတ်ထားပေမဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်ပြီး ရန်ကုန် ကမ္ဘာအေးဘုရားလမ်း ကျောက်မျက်ရတနာ ပြတိုက်မှာ ပြုလုပ်တဲ့ ရွှေလေလံရောင်းချပွဲမှာ ရွှေ ၁ ကျပ်သားကို ၂၅ သိန်းဝန်းကျင်နဲ့ ရွှေပိဿာချိန် ၃ ပိဿာကို လေလံအောင်သွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း ရွှေ ၃ ပိဿာကို လေလံတင် ရောင်းချခဲ့ပြီ ၁ ကျပ်သားကို ကျပ် ၂၄ သိန်းခွဲနဲ့ နှစ်ပိဿာ၊ ၂၄ သိန်း ၈ သောင်းကျပ်နဲ့ ၁ ပိဿာ ရောင်းချခဲ့ရတယ်လို့ YGEA ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၃၅ သိန်းကျော်၊ ဒေါ်လာငွေလဲနှုန်းက ၁ ဒေါ်လာကို ၄၅၀၀ ကျပ်အထိ စံချိန်တင်ခဲ့ပေမဲ့ တရိပ်ရိပ်နဲ့ ပြန်လည်ကျဆင်းလာခဲ့တာပါ။
လက်ရှိမှာ အခေါက်ရွှေ ၁ ကျပ်သားကို ၂၅ သိန်း ၇ သောင်းကျပ်၊ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၉၀၀ နဲ့ ၃၀၀၀ ကျပ်အကြားမှာ အရောင်းအဝယ် ရှိနေပါတယ်။