Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီး(ငြိမ်း)သူရရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖျက်သိမ်းရန် စီစဥ်နေ
DVB
·
October 11, 2022

အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး သူရရွှေမန်း တည်ထောင်ထားတဲ့  ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP) ဖျက်သိမ်းဖို့ စီစဥ်နေတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

UEC က ရွေးကောက်ပွဲပြုလုပ်ရန် မသေချာမှုနဲ့ လတ်တလော နိုင်ငံအတွင်း ဖြစ်ပျက်နေမှုတွေကြောင့် ပါတီအတွင်း အစည်းအဝေးတွေ ပြုလုပ်ပြီး ပါတီဖျက်သိမ်းရန် စီစဥ်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ အလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်။

“ဖျက်ဖို့က သေချာသလောက်ရှိပါတယ်။ စာသာမထွက်သေးတာ၊ အကုန်လုံးက သဘောတူတယ် UEC ဘက်ကလည်း ရွေးကောက်ပွဲလုပ်မယ်ဆိုတာ သေချာမပြောနိုင်တာရယ်၊ လတ်တလောမှာ ဘယ်သူမှ ရွေးကောက်ပွဲကို စိတ်မဝင်စားတာကြောင့် ပါတီဖျက်သိမ်းဖို့ပဲ ဆန္ဒရှိနေတာ” လို့ ရှင်းပြပါတယ်။

လတ်တလော ပါတီအတွင်း အစည်းအဝေးတွင် ဖျက်သိမ်းဖို့ အကုန်သဘောတူထားပြီး တရားဝင်စာ ထုတ်ပြန်မယ့်အချိန်သာ လိုတော့တယ်လို့ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်။

‘စာကတော့ ထုတ်မှာပါ။ လူမစုံသေးလို့ ကျနော်တို့တောင် ပါတီနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီ။ ဒီကာလမှာ ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဖျက်သိမ်းတာကို သဘောတူပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် သြဂုတ်လကုန်ပိုင်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ စစ်ဆေးဆောင်ရွက်မှု အခြေအနေများကို အသိပေး ထုတ်ပြန်ခဲ့တာလည်း ရှိပါတယ်။

ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရရွှေမန်းသည် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းတဦးဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရရှိခဲ့ပြီး ပထမအကြိမ်လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ် မေလ ၁ ရက်မှ ၂၀၁၅  ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အထိ ကြံ့ခိုင်ရေးပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းတွင် ကြံ့ခိုင်ရေးပါတီမှ ခွဲထွက်ကာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဉပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရရွှေမန်း အပါအဝင် ၁၉ ဦးဟာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UPB) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ  ပါတီတည်ထောင်ခွင့်ကို ကော်မရှင်က ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်တာ မရှိပေမယ့် ပါတီအောင်နိုင်ရေးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပါတယ်။ ပါတီကတော့ နေရာတနေရာမှ အနိုင်ရရှိတာ မရှိပါဘူး။

သူရဦးရွှေမန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်းသူဖြစ်ပြီး နအဖ ခေတ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီးမောင်အေး ပြီးရင် တတိယသြဇာအကြီးဆုံးသူ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024