Home
ဆောင်းပါး
ဆွေးနွေးပွဲဟု ဆိုရာဝယ်
DVB
·
October 6, 2022

မကြာခင်ကပဲ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုက‌ရက်တစ်မဟာမိတ်တပ်မတော် (NDAA) တို့နဲ့ စကစအဖွဲ့တို့ ၄ ရက်ကြာ ဆွေးနွေပွဲသတင်းတွေအကြောင်း ကြားလိုက်ရတယ်။ သုံးဖွဲ့လုံးကတော့ ဗကပ နိမ့်ပါးချိန်မှာ ခွဲထွက်ခဲ့ကြသူတွေ ဦးဆောင်တဲ့အဖွဲ့တွေ ဖြစ်သလို NCA လက်မှတ်ထိုးမထားရသေးတဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။

၄ ရက်ကြာ ဆွေးနွေးပွဲဆိုတော့ ဘာတွေဆွေးနွေပြီး ဘာတွေရခဲ့သလဲ ဆိုတာတော့ သူတို့ ထုတ်ပြန်ချက် တချို့အရပဲ သိကြရမှာပါ။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP-SSA) ကတော့ ဗမာပြည်နယ်အဖြစ် တန်းတူဖွဲ့စည်းဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) ကတော့ ‘ဝ’ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့သလို မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ အသံတွေလည်း ကြားရတယ်။ ဒါတွေကတော့ သူတို့လိုချင်တဲ့ သူတို့အခြေအနေတွေနဲ့ သူတို့ တင်ပြချက်တွေ။

တကယ်တော့ ဒီအဖွဲ့တွေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေးဟာ အခုမှမဟုတ်ဘူး။ ၁၉၈၉ ခုနှစ်ကတည်းက တွေ့ဆုံဆွေးနွေးခဲ့ကြသလို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြဖူးတဲ့ အဖွဲ့တွေ။ တဖွဲ့ချင်းအကြောင်း၊ တဖွဲ့ချင်းရဲ့ လိုလားချက်တွေ အကြောင်းကို စစ်အုပ်စုကလည်း ကြိုတင်သိပြီးသား ဖြစ်နေသလို ဒီအဖွဲ့တွေကလည်း စစ်အုပ်စုအကြောင်း အူမ ချေးခါးမကျန် သိနေကြတဲ့ လူတွေချည်းပါပဲ။ အဲ့သလိုပဲ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ဆွေးနွေးပွဲရဲ့ ပေါ်ထွက်လာမယ့် ဖြစ်နိုင်ခြေကို တွက်ဆပြီးသား။

ဒီအဖွဲ့တွေထဲက တချို့ဟာ ၂၀၁၁ ခုနှစ်မှာ နယ်ခြားစောင့်ပုလိပ် မလုပ်ချင်လို့ လက်နက်ပြန်ကိုင်ခဲ့ကြသူတွေပါပဲ။ အဲဒီမတိုင်မီ ဗကပကနေ ခွဲထွက်သွားပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေးလုပ် လက်တွဲသွားချိန်မှာ ဗိုလ်ကြင်မောင်က “နဝတရဲ့ လူမျိုးစုပေါ်လစီက ပိုကောင်းတယ်ထင်လို့ သူတို့ ပူးပေါင်းသွားကြတာ မဟုတ်ပါဘူး။ စစ်ဆက်တိုက်ရမှာ (အထူးသဖြင့် နိုင်ငံတကာအကူအညီ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ အကူအညီမရဘဲ စစ်ဆက်တိုက်ရမှာ) ကို စိုးရိမ်လို့ပဲဖြစ်တယ်။…. သူတို့တတွေ ခွဲထွက်တော့လည်း သူတို့ဟာ ဗမာစစ်အုပ်စုနဲ့ ကြာကြာပေါင်းလို့မရဘူးဆိုတာ တွက်ကြည့်ပြီးသားပါလို့” ပြောခဲ့တယ်။ သူ ပြောပြီး မကြာဘူး၊ ၂၀၁၁ ခုမှာ ဗမာစစ်တပ်နဲ့ လမ်းခွဲခဲ့ကြတာပဲ မဟုတ်လား။

ဒီနေ့အခြေအနေကို ပြန်ကြည့်တော့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP-SSA) ရဲ့ သဘောထားမှာ ဗိုလ်ကြင်မောင်ပြောသလို စစ်တိုက်ရမှာစိုးရိမ်လို့ တွေ့တဲ့သဘောထက် မပိုဘူးလို့ ယူဆရင် ရနိုင်တာတွေ ရှိပါတယ်။ ထိုနည်းအတိုင်းပဲ ဗမာစစ်တပ်ကလည်း စစ်မျက်နှာတခု လျော့ရင်ပြီးရော သဘောနဲ့ တွေ့တာထက် မပိုပါဘူး။ မကြာခင်ကပဲ ဗမာစစ်တပ်က TNLA နဲ့ SSPP တို့ကို သတ်မှတ်နယ်မြေရဲ့ ရှေ့မတိုးဖို့၊ ပြန်ဆုတ်ဖို့၊ ပြန်မဆုတ်ခဲ့ရင် ပြင်းထန်တဲ့တိုက်ပွဲနဲ့ ကြုံရနိုင်ခြေရှိတယ်လို့ ခြိမ်းခြောက်ခဲ့တာလည်းရှိရဲ့။ အဲလို ခြိမ်းခြောက်ခံရပြီးနောက်ပိုင်း စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရတာပဲ မဟုတ်လား။ SSPP အနေနဲ့ကတော့ RCSS နဲ့ စစ်တပ်နဲ့ ပေါင်းပြီး သူ့ကိုရန်မရှာဖို့ ရည်ရွယ်ချက်လည်း ပါမှာပါ။

တကယ်တော့လည်း ဝ၊ ကိုးကန့်၊ အခါနဲ့ ရှမ်းတချို့ဟာ တရုတ်ကမွေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပါပဲ။ တရုတ်ကလည်း ရှမ်းပြည်နယ်စပ်ဒေသတွေမှာ  တရုတ်ဖြူလို့ခေါ်တဲ့ ကူမင်တန် (KMT) သူလျှိုကွန်ရက် ရှိနေတာကြောင့် အဲ့ဒါကိုဆန့်ကျင်ဖို့ တရုတ်ကွန်မြူနစ်က အဲ့ဒီအဖွဲ့တွေ မွေးပေးခဲ့တာလို့ ဆိုပါတယ်။ ၁၉၆၈ နောက်ပိုင်း ဗကပကို တရုတ်ကွန်မြူနစ်က လွှဲပေးခဲ့တာ လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့လောက်ရှိသတဲ့။ ဒါကြောင့်လည်း ဒီအဖွဲ့တွေရဲ့ တွေ့ဆုံမှုတွေကတော့ ဘာမှထူးခြားမလာနိုင်ပေမဲ့ ဘယ်သူက ဘယ်သူ့မျက်နှာဖုံး ခွာချနိုင်မယ့်ပွဲလည်း ဆိုတာက စိတ်ဝင်စားစရာပါ။

အခုတော့ တကျော့ပြန်လည်တွေ့ဆုံကြပြန်ပါပြီ။ ‘ဝ’ နဲ့ မိုင်းလားရဲ့ ပြည်နယ်သစ်တခုနဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတော့ မူအရ သဘောတူလိုက်တယ်။ ဒါပေမဲ့ လွှတ်တော်လမ်းကြောင်းက သွားရမယ်လို့ တချို့သတင်းရပ်ကွက်တွေက ဆိုပါတယ်။ သူတို့ကတော့ သီအိုရီအရ ‘ဆွေးနွေးဘက်စစ်တပ် အင်အားချည့်နဲ့ချိန်မှာ လိုချင်တာကို အရအမိ ဆုပ်ကိုင်တဲ့သဘော’ လောက်ပါပဲ။ ဒီတောင်းဆိုချက်ကို စစ်တပ်ကလည်း ‘ဝ’ ပြည်သူနဲ့ ရှမ်းတို့ကို သွေးကွဲစေနိုင်တဲ့သဘောနဲ့ ရွေးကောက်ပွဲ လက်ခံလာအောင် ဆုပ်ကိုင်ထားလိုဟန် သဘောမျှသာ တွေ့ရတယ်။

တချိန်တည်းမှာပဲ SSPP ရဲ့ တင်ပြတောင်းဆိုချက်တွေကလည်း စိတ်ဝင်စားစရာပါ။ သူတို့ကတော့ ဗမာပြည်နယ်အဖြစ် တန်းတူဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာလည်း တွေ့ရတယ်။ ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ တင်ပြချက်ကိုလည်း တွေ့ရတယ်။ သူတို့တင်ပြချက်ကို SSPP info မှာ တွေ့နိုင်တယ်။

“ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့် စီမံခန့်ခွဲမှုအောက်တွင် ရှိပြီး လူသားလုံခြုံရေးကို အခြေခံသည့်မူဝါဒ ကျင့်သုံးခြင်း” ဆိုပြီး တင်ပြခဲ့တယ်။ ဒါတွေက SSPP info စာမျက်နှာမှာ ဖော်ပြထားတဲ့ ဆွေးနွေးချက်ပါ။ ဒီဆွေးနွေးချက်ကိုတော့ စစ်တပ်က လက်ခံနိုင်မယ် မဟုတ်ပါဘူး။ အာဏာကို လက်မလွှတ်ချင်လို့ မဲမသမာမှုဆိုပြီး အကြောင်းပြ အာဏာသိမ်းခဲ့တာပဲမို့လား။ ဒီလို လက်မခံမှန်းသိပေမဲ့ ‘ဘာလို့ ထည့်သွင်းဆွေးနွေးခဲ့ရသလဲ’ ဆိုတာကတော့ EROs အားလုံးအတွက် အဖြေပေးလိုက်သလိုပါပဲ။

ဒီတင်ပြတောင်းဆိုချက်တွေဟာ လတ်တလော စိတ်ထဲရှိရာ တောင်းဆိုတင်ပြတာမျိုးတော့ မဟုတ်ဘူး။ ဒီလို ဆွေးနွေပွဲမသွားမီမှာပဲ ‘ဝ’ ပြည်နယ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပြီးမှ အသေအချာ ပြင်ဆင်ခဲ့ကြတဲ့သဘောလို့ ယူဆနိုင်ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲအပြီး စစ်ကောင်စီကလည်း စက်တင်ဘာ ၂၇ ရက်နေ့ အစည်းဝေးပွဲမှာ ထုတ်ပြန်ခဲ့တာက “ဖက်ဒရယ်ပေးရာမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးကိုသာ ပေးအပ်သွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။ ဒီထုတ်ပြန်တွေအရ တိုင်းရင်းသားလူမျိုးစုတွေ မျှော်လင့်ချက်နဲ့ အတော်ဝေးကွာနေတာကို တွေ့ရတယ်။

ဒါကြောင့် စစ်ကောင်စီလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ အတုအယောင် ဆွေးနွေးပွဲတခုထက် မပိုဘူးဆိုတာ ထင်ရှားနေတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ဆွေးနွေးပွဲ တက်ရောက်ခြင်းဟာလည်း ဟန်ပြလုပ်ဆောင်နေတာထက် မပိုဘူးလို့ ယူဆနိုင်ပါတယ်။ နှစ်ဖက်လုံးကတော့ ဒီဆွေးနွေးပွဲကနေ နိုင်ငံရေးအမြတ်တခုခုထုတ်ဖို့ ကျားကစားကွက် ရွှေ့နေကြတာလို့ပဲ ထင်မြင်မိပါတယ်။ တောင်းဆိုတာတွေရရင်လည်း သူတို့အတွက် အရှုံးမရှိ။

စစ်ကောင်စီဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ဘူးဆိုတာ ကြိုသိနေတယ်။ အောင်မြင်အောင်လုပ်ဖို့ဆန္ဒလည်း ရှိဟန်မတူဘူး။ အချိန်ဆွဲဖို့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေကြား သပ်သျှိုဖို့။ နိုင်ငံတကာမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်လို့ ထင်မြင်ဖို့။ သူတို့လုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်ဖို့။ မဲဆန္ဒနယ်ကျယ်လာအောင် ချဲ့ထွင်နိုင်သမျှ ချဲ့ထွင်ဖို့။ စစ်မျက်နှာ ချုံ့နိုင်သမျှ ချုံ့ဖို့လောက်ပဲ ရည်ရွယ်တာထက် မပိုဘူးလို့ ယူဆနိုင်တယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ကြည့်ရင်လည်း ဗကပကျောင်းထွက်တွေဖြစ်တဲ့ ဆွေးနွေးပွဲနည်းပရိယာယ် ကြွယ်ကြွယ်နဲ့ ကစားပွဲတက်နေတယ်လို့ ယူဆလို့ ရကောင်းရနိုင်ပါတယ်။ ဗိုလ်ကြင်မောင် ပြောခဲ့ဖူးတဲ့ “စစ်တပ်ရဲ့ လူမျိုးစုပေါ်လစီက ပိုကောင်းတယ်ထင်လို့ ပူးပေါင်းသွားကြတာမျိုး မဟုတ်ဘူး။ သူတို့ဟာ ဗမာစစ်အုပ်စုနဲ့ ကြာကြာပေါင်းလို့ မရဘူးဆိုတာ တွက်ကြည့်ပြီးသား” ဆိုသလိုပါပဲ။ စကစရဲ့ ဖက်ဒရယ်ပေါ်လစီက ပိုကောင်းမယ်ထင်လို့ တက်လာမျိုးတော့ မဟုတ်တာလည်း အသေအချာ။ စစ်အုပ်စုနဲ့ ပေါင်းလို့မရဘူး ဆိုတာလည်း သိနေကြပြီးသားပါ။

ဘယ်လိုပဲဖြစ်စေ မြောက်ပိုင်းအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တင်ပြတောင်းဆိုချက်တွေကတော့ စစ်တုရင်ကစားပွဲမှာ တဖက်အသင်းရဲ့ ရွှေ့ကွက်ကို ထင်သာမြင်သာဖြစ်အောင် ဖော်ထုတ်နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီဖော်ထုတ်ချက်ကြောင့် သို့လောသို့လောဖြစ်နေတဲ့ EROs တချို့အတွက်လည်း အဖြေတခု ရသွားစေနိုင်ပါတယ်။ လက်နက်ကိုင် ခိုင်ခိုင်မာမာမရှိတဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အချို့ကတော့ ဗိုလ်ချုပ်မြပြောတဲ့ ‘ဝှေးစေ့အသင်းခံနွား’ ဘဝမျိုးနဲ့ မျိုးဆက်လည်း မပွားနိုင်၊ ဝှေ့လည်းမဝှေ့ရဲတဲ့ အဖြစ်နဲ့ ဆက်လက်မိုက်မြဲတိုင်း မိုက်နေလိမ့်အုံးမယ်လို့ ထင်မိကြောင်းပါ။

နွေဦးတော်လှန်ရေး အောင်မြင်ပါစေ။

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024