Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီကို အီးယူ တောင်းဆို
DVB
·
October 1, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ထပ်မံ စီရင်ချက်ချလိုက်တာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို  ဖယ်ထုတ်ဖို့ လုပ်ဆောင်တဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့  မြန်မာနိုင်ငံ အကျပ်အတည်းက လွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့  ဥရောပသမဂ္ဂ(အီးယူ) တောင်းဆိုလိုက်ပါတယ်။ 

နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  စစ်ကောင်စီရဲ့ ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၃ နှစ် ထပ်မံ စီရင်ချက်ချလိုက်တာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ(အီးယူ)    ပြောရေးဆိုခွင့်ရှိသူက  သဘောထား ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုစစ်ဆေးစီရင်တာတွေဟာ  နိုင်ငံရေးအရ လှုံ့ဆော်မှုသက်သက်သာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ အာဆီယံရဲ့ သဘောတူညီမှုငါးရပ်မှာ တောင်းဆိုထားတဲ့  အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စဥ်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖယ်ထုတ်ဖို့ရှင်းရှင်းလင်းလင်း လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အီးယူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရှိ တခြားသူတွေပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုသာ လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်နိုင်မယ့် နည်းလမ်းတရပ်ဖြစ်တယ်လို့ အီးယူက အကြံပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  အခုအသစ်ထပ်မံကချမှတ်လိုက်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၃  နှစ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားပြီး နောက်ထပ် အတုအယောင် စွဲချက်တွေနဲ့လည်း  ရင်ဆိုင်နေရဆဲဖြစ်ပြီး  ဒီစွပ်စွဲချက်တွေရဲ့  ရည်ရွယ်ချက်ဟာ လုံးဝသိသာရှင်းလင်းတဲ့အကြောင်းနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ဖို့ အီးယူက ထပ်မံတောင်း ဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်၊ အန်အယ်လ်ဒီအစိုးရလက်ထက်တာဝန်ယူခဲ့တဲ့   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့  ဒုဝန်ကြီး ဦးဆက်အောင်တို့ ၅ ဦးကို  နေပြည်တော် အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက် ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာ ဖြစ်ပါတယ်။။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုစုစုပေါင်း ၁၉ မှုရှိခဲ့ပြီး အဲ့ဒီအထဲက ၁၁ မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပြီး အခုရှောင်တာနယ်အမှုနဲ့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ခံရတဲ့ ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိလာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်သူလူထုသဘာဝဘေးကြုံတဲ့အခါမှာ အသုံးပြုဖို့  ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစုပေါင်း ၇ မှုကို ရင်ဆိုင်ဖို့ ကျန်နေပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024