ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းဒေသတွေမှာ အေအေ တပ်ဖွဲ့ဝင်တွေ စုဝေးလှုပ်ရှားရာ နေရာတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားဝပ်ချောင်းဒေသခံတဦးက “အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းက ရွာကို ဝင်လာတာနဲ့ အနီးအနား တောင်ကုန်းတွေကို လက်နက်ကြီး လက်နက်ငယ် အဆက်မပြတ် ပစ်ဝင်လာတာ။ ထိတွေ့တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ရွာတွေကိုတော့ လက်ရှိမှာ စစ်ဆေးတာ မရှိသေးဘူး” လို့ ပြောပါတယ်။
အလားတူ ဒီနေ့မနက်ပိုင်း တချိန်တည်းမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းတခု ကြိမ်ချောင်းကျေးရွာသို့ ဝင်ရောက်လာပြီး ရွာအရှေ့ဘက် တောင်ကုန်းတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်နေတယ်လို့ ကြိမ်ချောင်းဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့မနက်မှာ ကြိမ်ချောင်းကျေးရွာကိုလည်း အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်းဝင်လာကတည်းက ရွာအရှေ့ဘက်တောင်တန်းကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဝင်လာကြတာ။ စစ်ကြောင်းကတော ၂၄ စခန်းဗျူဟာကို ဝင်သွားတယ်။ ရွာကိုတော့ မစစ်ဆေးသေးဘူး။”
စစ်ကောင်စီမှ အဓိကထိုးစစ်ဆင်နေတဲ့ မောင်တောမြောက်ပိုင်းမှာ လူအင်အား၊ ရိက္ခာအင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်တွေကို အေအေဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတဲ့ မောင်တော-ကြိမ်ချောင်း လမ်းတလျှောက်ကို အဓိကထား ထိုးစစ်ဆင် နယ်မြေရှင်းနေတာ တွေ့ရတယ်လို့ စစ်ရေးလေ့လာသူ မောင်တောဒေသခံတဦးက ပြောပါတယ်။
မောင်တောဒေသကို စက်တာဘာ ၁၄ ရက်က ကစ္ဆပနဒီသင်္ဘော ၂ စီးနဲ့ ရေကြောင်းမှ စစ်ကူရောက်လာတဲ့ အင်အား ၆၀၀ ကျော်ရှိ တပ်မ ၇၇ စစ်ကြောင်းဟာ စစ်ကြောင်း ၄ ကြောင်းခွဲပြီး မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာတွေက အေအေ တပ်ဖွဲ့ဝင်တွေ နေထိုင်တယ်လို့ ထင်တဲ့ ကျေးရွာတွေကို ဝင်ရောက် စစ်ဆေးနေတာပါ။
စက်တင်ဘာလ ၁၇ ရက်ကလည်း တပ်မ ၇၇ စစ်ကြောင်း ဖားဝပ်ချောင်းကျေးရွာဘက်ကို မသွားဝံ့တော့ဘဲ ဒကြီးစား၊ မျောတောင် ကျေးရွာဘက်က လှည့်ပတ်ပြီး ကပ္ပကောင်း၊ ခြံပြင်၊ ရေမျက်တောင်၊ စံပ္ပယ်ပင်ရင်း၊ ငါးခူ ရစတဲ့ ကျေးရွာတွေကို ပိတ်ဆို့စစ်ဆေးခဲ့ကြပြီး ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာတော့ ဖားဝပ်ချောင်းကျေးရွာနဲ့ ကြိမ်ချောင်းကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
မင်းပြားမြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်းက တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေကို ကျရောက်ကာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာကို ဒီကနေ့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ၅၄၁ တပ်ရင်းက စစ်(...) ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကိုဝေဠုရဲ့ နေအိမ် မီးဖိုချောင်ကို ကျရောက်ပြီး ဘေးပတ်ဝန်းကျင်အိမ်တွေကို ကျည်စထိမှန်ခဲ့တယ်” လို့ ခေါင်းလောင်းချောင်းရွာ ဒေသခံယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်(...)တွေဟာ ဘာတိုက်ပွဲမှ မဖြစ်ဘဲ မင်းပြားမြို့နယ်ထဲကကျေးရွာတွေကို ဒီနေ့ တမနက်လုံး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ စက္ကရေ ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကိုလည်း လက်နက်ကြီးကျည်စတွေ ထိမှန်ပြီး ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။”
မင်းပြားမြို့ပေါ်မှာတော့ စျေးတွေပိတ်ထားတယ်လို့ သိရပြီး စစ်ရေးအခြေနေတင်မာနေလို့ မြို့ပေါ်ကို သွားလာတဲ့ သူတွေလည်း မရှိသလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ကျေးရွာ ၆ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ကနေ မင်းပြားမြို့ဘက်ကို ဒီနေ့မနက်ပိုင်းမှာ စစ်ရေယာဥ် ၂ စီး စစ်သုံးရဟတ်ယာဥ်တစီး ထွက်ခွာခဲ့ပေမယ့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိခဲ့သလို မင်းပြားမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေကို စစ်ကောင်စီဘက်က ရဟတ်ယာဥ်တွေ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။