Home
မြန်မာသတင်း
တောင်ပြိုလက်ဝဲရှိ စစ်ကောင်စီ နယ်ခြားစောင့်ကင်းစခန်း ၄ ခုမှ တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခွာ
DVB
·
September 23, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ကင်းစခန်း ၄ ခုက တပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဆုတ်ခွာသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

မျက်မြင်ဒေသခံတယောက်က “ဟုတ်တယ်။ ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ တောင်ပြိုဘက်ကို အားလုံးထွက်သွားကြတာ။ စခန်းဆုတ်သွားတာက ၄ ခုရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ အေအေတို့ ကွမ်းသီးပင်ကျေးရွာဟောင်းအနီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီးနောက် နံ့သာတောင်ကျေးရွာ နယ်ခြားစောင့်စခန်း အပါအဝင် နယ်စပ်ခြံစည်းရိုးတလျှောက် စခန်းငယ် ၄ ခု အခုလို ဆုတ်ခွာသွားတာလည်း ဖြစ်ပါတယ်။

ကွမ်းသီးပင်ကျေးရွာတဝိုက်နဲ့ နံ့သာတောင်ကျေးရွာတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့နဲ့  ကြိမ်ချောင်းအထက်ပိုင်း ကျေးရွာတွေအားလုံး နေရပ်စွန့်ခွာသွားကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတယောက်က ပြောပါတယ်။

“ပြည်နယ်ကောင်စီက ကြိမ်ချောင်းအထက်ပိုင်းကျေးရွာအားလုံး နောက်ဆုတ်ဖို့ ညွှန်ကြားသွားမယ်လို့ သိရတယ်။ ကွမ်းသီးပင် ချောင်းဝမှာ လက်နက်အပြည့်နဲ့ မော်တော်ဘုတ် ၂ စီး အသိမ်းခံလိုက်ရတော့ အဲဒီဒေသတဝိုက်ကို လေကြောင်းနဲ့ နယ်မြေရှင်းသွားမယ်ထင်တယ်။ အဲဒါကြောင့် စခန်းတွေ ကြိုတင်နောက်ဆုတ်တာလို့ ပြောနိုင်တယ်။”

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်းငယ်တွေကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းနိုင်ခဲ့ပြီး အင်အား ၇၀ နဲ့ ၁၀၀ ကြား စခန်းတွေမှာလည်း အင်အားသွားပေါင်းပြီး နောက်ဆုတ်သွားတာတွေ ရှိတယ်လို့ ပဉ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။

စက်တင်ဘာ ၁၉ ရက်ကလည်း တောင်ပြိုဗျူဟာစခန်းကို စစ်အင်အား ဖြည့်တင်းလာတဲ့ ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (အေအေ) ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024