စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်လမ်းပိုင်းမှာ မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ဘက်ကို စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာနဲ့ အန်ဒမန်ဂိုးလ်ဘီယာ ဖာ ၁,၀၀၀ လောက်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ တားဆီးစစ်ဆေးစဉ် ဖမ်းမိပြီး ဘီယာဖာအားလုံးကို ဖျက်ဆီးလိုက်တယ်လို့ PDF တပ်ဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို ကုန်တင်ယာဉ် ၁၀ ဘီးကားနဲ့ စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာနဲ့ အန်ဒမန်ဂိုးလ်ဘီယာဖာ ၁,၀၀၀ ကို KIA၊ PDF ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးရာကနေ ဖမ်းမိခဲ့တာ၊ အများပြည်သူရှေ့မှာပဲ ဖျက်ဆီးခဲ့ပါတယ်။ နောက်နောင်လည်း စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိရင် ဖျက်ဆီးသွားမှာ ဖြစ်တယ်။”
စစ်ကောင်စီထုတ်ကုန်တွေ သယ်ဆောင်မောင်းနှင်လာတဲ့ ယာဉ်မောင်းနှစ်ယောက်ကို နောက်နောင် စစ်တပ်ထုတ်ကုန်တွေ မသယ်ဆောင်ဖို့ သတိပေးစကားပြောပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့တယ်လို့ နီးစပ်သူထံက သိရပါတယ်။