လွိုင်ကော်အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၁၂၀ မမ ၂ လုံး မိုးဗြဲ စက်တော်ရာ တောင်ကုန်းပေါ်ကျပြီး အဲဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မ ၆၆ က တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက်က မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲ့ စနိုက်ဘာ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီက တာဝေးပစ် လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး လွိုင်ကော်အမြောက်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဟာ သူတို့တပ်ဖွဲ့အခြေစိုက်ရာ စက်တော်ရာတောင်ကုန်းပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် စစ်ကောင်စီဘက်က အသေအဆုံး အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက် မွန်လွဲပိုင်းမှာလည်း ဒီးမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်းက လက်နက်ဂိုဒေါင် ပစ်ခတ်ခံရလို့ မီးလောင်ပေါက်ကွဲ ပျက်စီးခဲ့ကြောင်း KNDF က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။