ရန်ကုန်၊ သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်မှာ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီလောက်က ၄/ မြောက်ရပ်ကွက် အောင်ရတနာလမ်းနဲ့ အောင်ဇေယျလမ်းထောင့်ရှိ ရိုးရိုးလေး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိအမျိုးသား နှစ်ယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာလို့ ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။
“သေနတ်သံတွေကြားပြီး သွားကြည့်တော့ လက်ဖက်ရည်ဆိုင်ထဲမှာ အုပ်ကြီးပစ်ခံရလို့ သွေးအိုင်ထဲ လဲနေတယ်။ ပွဲချင်းပြီးသေသွားတယ်”လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ထိုင်သောက်နေစဥ် အမည်မသိအမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး အနောက်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“ပစ်ခံရတာ ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ် အနောက်ကနေ နားထင်ကို တေ့ပစ်သွားတာ နှစ်ချက်ထိပြီး သေသွားတာ အခုတော့ လူနာတင်ယာဥ်နဲ့ လာသယ်သွားပြီ။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ၄/မြောက်ရပ်ကွက်က လမ်းဆုံလမ်းခွတွေမှာ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၂၇ ကြိမ်ဖြစ်ခဲ့ပြီး ခြောက်ယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။