Home
မြန်မာသတင်း
ကိုရီးယားအလုပ်အကိုင်(EPS) စာမေးပွဲ စက်တင်ဘာလကုန် စတင်ကျင်ပမည်
DVB
·
September 20, 2022

တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ (EPS) ကို စက်တင်ဘာလကုန်ပိုင်းက စပြီးကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA-EPS) က ထုတ်ပြန်ပါတယ်။

အဲဒီစာမေးပွဲကို သြဂုတ် ၁၆ ရက်မှာ ပြုလုပ်ဖို့စီစဥ်ခဲ့ပြီး ၁ လကျော်ကြာတဲ့အထိ မကျင်းပဖြစ်ခဲ့ဘဲ ဒီနေ့မှ အချိန်စာရင်းအသစ်ကို ပြန်လည်ထုတ်ပြန်တာပါ။

အခု ထုတ်ပြန်လိုက်တဲ့ အချိန်စာရင်းအရ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် စာမေးပွဲကို စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၂၇ အထိ၊ ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲကို အောက်တိုဘာ ၃၁ မှ ဒီဇင်ဘာ ၂၉ အထိ၊ ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်အတွက် စာမေးပွဲကို ၂၀၂၃ ဇန်နဝါရီ ၃ ရက်မှ ဧပြီ ၃ ရက်အထိ၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကို ဧပြီ ၁၇ မှ မေ ၁၅ အထိ ကျင်းပမယ်လို့ သိရပါတယ်။

ဖြေဆိုရမယ့် နေ့ရက်၊ အချိန်နဲ့ ခုံနံပါတ်တွေကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကျင်းပမယ့်ရက် အပြောင်းအလဲရှိနိူင်တယ်လို့ POEA က ဆိုပါတယ်။

EPS စာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းနေသူတစ်ဦးက “စာမေးပွဲက နောက်နှစ်လယ်ပိုင်းလောက်အထိ ကူးသွားတယ်။ ပြင်ဆင်ချိန်ရတော့ ရသွားတယ်။ အချိန်တော့ ထပ်ဖင့်သွားတာပေါ့” လို့ ပြောပါတယ်။

EPS စာမေးပွဲဖြေဆိုခွင့် လျှောက်ထားတာကို ဇူလိုင်လက အွန်လိုင်းစနစ်နဲ့ လက်ခံခဲ့တာဖြစ်ပြီး လျှောက်ထားသူ ၃၇၀၀၀ ကျော်ရှိတယ်လို့ POEA က ထုတ်ပြန်ထားပါတယ်။

အဲဒီစာမေးပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ က မလုပ်ဖြစ်ခဲ့ဘဲ အခုမှ ပြန်လည်ကျင်းပဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024