Home
မြန်မာသတင်း
လက်နက်ကျည်ဆန်များ ထပ်မံနယ်ကျော်လာပါက ကုလသမဂ္ဂတွင် ဖြေရှင်းရမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော
DVB
·
September 19, 2022

မြန်မာဘက်နေ လက်နက်ကျည်တွေ ကြိမ်ကြိမ် နယ်ကျော်ကျရောက်မှုကြောင့် မြန်မာသံအမတ်ကို ဘင်္လားဒေ့ရှ်အစိုးရက ထပ်မံဆင့်ခေါ် သတိပေးကန့်ကွက်လိုက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်းကို ပစ်ခတ်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ကုလသမဂ္ဂမှာ ဖြေရှင်းရမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး နိုင်ငံနယ်နိမိတ်အတွင်း လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲမှုတို့ကြောင့် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်လအတွင်းမှာ လေးကြိမ်မြောက်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က ထပ်မံဆင့်ခေါ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံနယ်နိမိတ်အတွင်းသို့ လက်နက်ကျည်တွေ အကြိမ်ကြိမ်ကျရောက်နေမှုအတွက် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားမှတ်ချက်သဝဏ်လွှာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ် အောင်ကျော်မိုးကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက တောင်ကုန်းတွေမှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ မြန်မာအာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်နေကြတာ လနဲ့ချီ ကြာနေပြီဖြစ်ပါတယ်။ အခုလို လက်နက်ကျည်တွေ တဖက်နိုင်ငံထဲ ကျရောက်တာနဲ့ ပတ်သက်ပြီး တဖက်နှင့်တဖက် အပြန်လှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြိမ်ကြိမ် ကျရောက်လာခဲ့တာကြောင့် ဒေသခံတွေသာမက နယ်စပ်တလျှောက် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကိုပါ ထိတ်လန့်စေခဲ့ပါတယ်။

စက်တင်ဘာလ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဘန်ဒါဘန်နယ်မြေအတွင်း နယ်စပ်အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းနားကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာလူငယ် တယောက် သေဆုံးကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး အပါအဝင် နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

စက်တင်ဘာလ ၁၇ ရက် စနေနေ့မှာတော့ ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက  မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားဖို့ မျှော်လင့်ထားကြောင်းနဲ့ တကယ်လို့သာ အခြေအနေတွေက ကောင်းမွန်တိုးတက်လာခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အတွင်းကို ပစ်ခတ်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂမှာ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

နယ်စပ်တလျှောက်မှာလည်း မြန်မာဘက်ကလာမယ့် မလိုလားအပ်တဲ့ အန္တရာယ်တွေကို တားဆီးနိုင်ဖို့ အစောင့်စစ်ဆေးရေးစခန်းအသစ်တွေ တိုးချဲ့တည်ဆောက်ထားကြောင်း ဘန်ဒါဘန်နယ်မြေ ရဲမှူးကလည်း ပြောပါတယ်။ 

သောကြာနေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း နယ်မြေအာဏာပိုင်တွေဟာ ဒေသခံတွေကို သတိနဲ့နေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ နယ်စပ်နားမှာ သွားလာလှုပ်ရှားခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Ref- AA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024