တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲ ကြေညာပြီးနောက် တနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅၀ ကျော်ထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က မနေ့က ထုတ်ပြန် ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း - ၂ ကလည်း ပကဖ၊ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး တစ်နှစ်အတွင်း အကြမ်းဖက် ဖက်စစ် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူ ၃၀ ဝန်းကျင်နဲ့ ဒဏ်ရာရရှိသူး ၂၁ ဦးထက်မနည်း ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အားပေး ထောက်တိုင်တွေကို ဖြိုဖျက်မှု ၄ ကြိမ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေကိုတော့ EAO၊ ပကဖ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LDG)တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော် ၈ ယောက် သေဆုံးခဲ့ပြီး ၁၃ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)အနေနဲ့ မဟာမိတ်များနဲ့ပူးပေါင်းပြီး အရင်ထက် ပိုပြီး စစ်ရေးအရှိန် တိုးမြှင့်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။