Home
ဆောင်းပါး
“အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် မိုးနဲ့မြေ အမြင်သဘောထား”
DVB
·
September 18, 2022

မကြာသေးခင်က ချူလာလောင်ကွန်းတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ဂွမ်းရော်ဘင်ဆင် (Gwen Robinson) ရဲ့ ဆွေးနွေးချက်မှာ စိတ်ဝင်စားစရာ အချက်တခု တွေ့ရပါတယ်။ ဒီအချက်ဟာ နွေဦးတော်လှန်ရေးထောက်ခံမှု ပြုကြတဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေကြား ဖေ့စ်ဘွတ်ခ်လို လူမှုမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတဲ့ အချက်နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါက ဘာလဲဆိုတော့ နွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အခန်းကဏ္ဍပါ။ ဒီအချက်ကို မဆွေးနွေးခင် ဂွမ်းရော်ဘင်ဆင်အကြောင်း ပြောပါရစေ။

ဂွမ်းရော်ဘင်ဆင်ဟာ Nikkei Asia Review သတင်းစာရဲ့ (Editor-at-Large) ပါ။ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်၊ အကြောင်းအရာကို ရေးသားခွင့်ရှိတဲ့ အယ်ဒီတာပါ။

“ဂွမ်းရော်ဘင်ဆင်က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ရိုဟင်ဂျာ အရေးကနေ အမျိုးသမီးအခွင့်အရေးအထိ ကဏ္ဍပေါင်းစုံမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါသလို တိုင်းရင်းသားကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့အတူ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပုံရိပ်သစ်တရပ် ထွက်ပေါ်လာပြီလို့ ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ မညှာတမ်းပြောရရင်တော့ မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုတွေကြားမှာတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပေါ် အားမလို အားမရ ဝေဖန်သံတွေ ဆူပွက်နေတယ်လို့ ပြောရမှာပါ။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပေါ် ရှုမြင်သုံးသပ်မှုဟာ ပြည်တွင်း ဒီမိုကရေစီထောက်ခံသူတွေနဲ့ ပြည်ပ ဒီမိုကရေစီလိုလားသူတွေကြား ဘာလို့ ဒီလောက်ကွဲပြားနေရတာလဲ။

ပြည်ပ ဒီမိုကရေစီလိုလားသူတွေရဲ့ အမြင်ကို အရင်ကြည့်ရအောင်ပါ။ ဩဇာကြီးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မအလက ဖမ်းဆီးထောင်ချထားတဲ့အတွက် ပြည်ပ ဒီမိုကရေစီလိုလားသူတွေရဲ့အမြင်မှာ အယူအဆပေါင်းစုံ၊ အကျိုးစီးပွားမျိုးစုံ ရောယှက်ပါဝင်နေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကြား၊ တစုတစည်းတည်း ဆောင်ရွက်နိုင်စွမ်း ရှိပါလား ဆိုတာဟာ အဓိက စိုးရိမ်ချက်တရပ် ဖြစ်နေပါတယ်။ ၁၉ လ ဝန်းကျင် ရှိပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်း အကျိုးစီးပွားမတူ၊ သမိုင်းဖြတ်သန်းမှု ကွဲပြားမှုတွေကို သိသိသာသာ မြင်တွေ့နေရတဲ့ အင်အားစုတွေကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အဖြစ် စုစည်းနိုင်ခဲ့တာဟာ ပြည်ပ ဒီမိုကရေစီလိုလားသူတွေရဲ့ အမြင်မှာ အင်မတန်ကြီးမားတဲ့ အောင်မြင်မှုပါ။ သမိုင်းအချိုးအကွေ့တရပ်အဖြစ်တောင် ရှုမြင်ကြတာပါ။ ပြောရရင် အရင်က နိုင်ငံတကာမှာ ဗမာလူထုအများစုကြီးက ရိုဟင်ဂျာ လူနည်းစုအပေါ် ဖိနှိပ်နှိမ်ချ၊ ခွဲခြားဆက်ဆံတယ်လို့ မြင်နေရာကနေ ဗမာလူထုအများစုကြီးဟာ ရိုဟင်ဂျာ အပါအဝင် လူနည်းစုအားလုံးနဲ့ လက်တွဲဆောင်ရွက်လိုပါလားလို့ မြင်လာပါတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကြောင့်ပါ။ ဗမာလူထု အများစုဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့အတူ နိုင်ငံရေးဦးဆောင်မှုကို ပူးပေါင်းလက်တွဲ ထုဆစ်လိုပါလားလို့ နိုင်ငံတကာက ပြောင်းလဲ ရှုမြင်လာပါတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကြောင့်ပါ။

ဒါဆိုရင် မြန်မာနွေဦးတော်လှန်ရေး အင်အားစုတွေကြား၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပေါ် အားမလို အားမရ ဝေဖန်သံတွေ ဆူပွက်နေတာကရော ဘာလို့ဖြစ်နေတာလဲ။ မအလစစ်အုပ်စုရဲ့ မတော်မတရား ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် ဖိနှိပ်မှုအောက်မှာ နွေဦးတော်လှန်ရေး အရေးနိမ့်သွားမှာကို စိုးရိမ်နေကြတဲ့အတွက် နွေဦးတော်လှန်ရေး အင်အားစုတွေဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို အခုထက်ပီပြင်တဲ့ ခေါင်းဆောင်မှုကို ထူထောင်စေလိုတာပါ။ ဒီအတိုင်းသွားရင်တော့ ဒုက္ခပါပဲလို့ တွေးကြတာပါ။ ဒီတော့ ဒီအမြင်နှစ်ရပ်မှာ ဘယ်အမြင်က အမှန်လဲ။

ပြောရရင် ဒီအမြင်အယူအဆ နှစ်ရပ်လုံးဟာ သူ့ရှုထောင့်နဲ့သူ မှန်ပါတယ်။ နှစ်ဖက်စလုံးရဲ့ ထောက်ခံမှုကို ရအောင် လူလည်ကျ ပြောတဲ့စကား မဟုတ်ပါဘူး။ ပြည်ပ ဒီမိုကရေစီ လိုလားသူတွေ မြင်သလို နိုင်ငံတကာမှာ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးပုံရိပ်ကောင်းအောင် ပုံဖော်တည်ဆောက်နိုင်ဖို့က အရေးကြီးတဲ့ အခြေအနေ လိုအပ်ချက်ပါ။ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် လိုလားထောက်ခံကြတဲ့ အင်အားစုတွေကြား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဦးဆောင်မှုအပေါ် အားမလို အားမရ ဖြစ်တာနဲ့ပဲ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဖြစ်တည်မှုကိုတောင် လက်မခံ၊ ပယ်ချတဲ့အထိ အစွန်းရောက်မသွားဖို့ အဓိက ထောက်ပြလိုတာပါ။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဦးဆောင်မှုကို အခုလက်ရှိထက် ပိုပီပြင်ခိုင်မာအောင် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ ကိစ္စတခုရှိတိုင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အစည်းအဝေး ခေါ်နေရရင် ဘာမှ ထိရောက်တဲ့ဦးဆောင်မှုကို ပေးနိုင်မှာ မဟုတ်ပါဘူး။ ချမှတ်ထားတဲ့ မူဘောင်အတွင်းက လိုအပ်တဲ့ကိစ္စ အရပ်ရပ်ကို အချိန်နဲ့တပြေးညီ စီမံခန့်ခွဲပေးမယ့် လုပ်ငန်းလည်ပတ်ရေး ကော်မတီတရပ် ဖွဲ့စည်းသင့်ပါတယ်။ ဒီလုပ်ငန်းကော်မတီရဲ့အောက်မှာ လိုအပ်ချက်အရပ်ရပ်ကို ဝိုင်းဝန်းပံ့ပိုးကူညီ ဖြည့်ဆည်းပေးမယ့် လုပ်ငန်းအထောက်အကူပြု ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းသင့်ပါတယ်။ တိကျတဲ့ တာဝန်ခွဲဝေမှုရှိမှသာ ကိစ္စတရပ် ပေါ်လာခဲ့ရင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အချိန်နဲ့တပြေးညီ ကိုင်တွယ်နိုင်စွမ်းရှိမှာပါ။

ဒီနေရာမှာ အရေးကြီးတာက လုပ်ငန်းလည်ပတ်ရေး ကော်မတီအနေနဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်တဲ့အခါ လုပ်ငန်းလမ်းညွှန်အဖြစ် လက်ကိုင်ပြုရမယ့်မူဝါဒ ဘောင်အတွင်းကသာ ရှိမယ်ဆိုရင် တာဝန်ယူ၊ ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေကို ဆုံးဖြတ်ပိုင်ခွင့် ရဲရဲပေးထားဖို့ လိုအပ်ပါတယ်။ လက်တွေ့ လုပ်ငန်းလမ်းညွှန်မူဝါဒ ဆိုတာကလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေး ဆင်နွှဲနေတဲ့ ကာလအတွင်း စစ်ရေးကိစ္စရပ်တွေအပေါ် ဘယ်လို အခြေခံသဘောထား ထားမယ်၊ နိုင်ငံတကာ သံတမန်ရေး မျက်နှာစာမှာ ဘယ်လို လမ်းညွှန်မှုတွေ ကျင့်သုံးမယ်၊ တိုင်းပြည်စီးပွားရေး ပြိုလဲမှုနဲ့အတူ လူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေအပေါ် ဘယ်လိုရှုမြင်သုံးသပ်မယ် စတဲ့ စတဲ့ ကဏ္ဍပေါင်းစုံဆိုင်ရာ အခြေခံသဘောထား၊ မူဝါဒတွေကိုသာ ချမျတ်ထားနိုင်ခဲ့ရင် လုပ်ငန်းလည်ပတ်ရေးကော်မတီ အနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းအထောက်အကူပြု ကော်မတီတွေရဲ့ ပံ့ပိုးကူညီမှုကို ရယူပြီး လိုအပ်ရင် လိုအပ်သလို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်မှာပါ။

အရေးအကြီးဆုံးက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အခန်းကဏ္ဍ အရေးကြီးတာကို အားလုံးက အသိအမှတ်ပြု လက်ခံပြီး ထိရောက်သထက် ထိရောက်အောင် ပံ့ပိုးကူညီကြဖို့ပါ။ NUCC မှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပြည်သူလူထုရဲ့ ဘဝပေါင်းများစွာ အသက်ပေါင်းများစွာ ပုံအောထားတဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကို ရှေးရှုပြီး ပေးလာတဲ့ အကြံဉာဏ်တွေကို လေးလေးစားစား သုံးသပ်မယ်၊ ထိရောက်တဲ့ စီမံခန့်ခွဲမှု ဖြစ်လာအောင်လည်း လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော်မယ်ဆိုရင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဦးဆောင်မှုကဏ္ဍဟာ မြင့်မားလာမှာပါ။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကလည်း ပိုမြန်ဆန်၊ ပီပြင်ခိုင်မာလာမှာပါ။

ရဲဝံ့လင်းယုန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024