ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၁၃ ရက် မနက်က ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အိမ်နဲ့ ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်က ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတာဝန် ယူခဲ့သူ ဦးခင်မောင်မြင့် (ခ) ဦးဒိတ်ရဲ့ နေအိမ်နဲ့ ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်နဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လာရောက်ချိတ်ပိတ်သွားတာလို့ ဆိုပါတယ်။
ဧရာရပ်ကွက်မှာ နေထိုင်သူတယောက်က “အိမ်ကို လာချိတ်ပိတ်တော့ ရဲတွေကော အရပ်ဝတ်တွေကော ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်။ အိမ်ထဲ ဝင်ပြီးရှာဖွေတာတွေတော့ မရှိဘူး။ ချိပ်ပိတ်ကြောင်း ဆိုင်းဘုတ်ချိတ်ပြီး ပြန်သွားတယ်” လို့ ပြောပါတယ်။
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်ရဲ့ နေအိမ်နဲ့ ဆိုင်ကို အရင်ကလည်း အုပ်ချုပ်ရေးပိုင်းအဖွဲ့က ဓာတ်ပုံ မကြာခဏ လာရိုက်တာတွေ ရှိခဲ့ပြီး အခုအခါမှာတော့ စစ်ကောင်စီအဖွဲ့က လာရောက်ချိပ်ပိတ်ခဲ့တာပါ။
ချိပ်ပိတ်ခံရတဲ့နေအိမ်မှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေရတာပါ။
မြစ်ကြီးနားမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အန်အယ်လ်ဒီပါတီ ခရိုင်အလုပ်အမှုဆောင် ဦးတင်ထွန်းသိန်းရဲ့ နေအိမ်နဲ့ လီဆူးတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါသေးတယ်။