ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်ပုံကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်က နေအိမ်ဆိုင်ခန်းတစ်ခုကို ဝင်ရောက်စီးနင်း ပစ်ခတ်တာကြောင့် နေအိမ်ဆိုင်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လုံးခင်းကျွေးရွာသားတဦးက “မနက်အစောကြီး သေနတ်သံတွေကြားရတယ်၊ လက်နက်ကြီးအသံတွေကောကြားရတယ်။ အခုမနက်ကြားရတာက PDF ခေါင်းဆောင်ကို ဝင်ဖမ်းတယ်လည်းပြောတယ်၊ အိမ်မှားပြီး ဝင်ဖမ်းတယ်လို့လည်း ပြောနေတယ်။ ဝင်ဖမ်းတဲ့အိမ်တော့ မီးလောင်သွားပြီးပြောတယ်၊ နှစ်ယောက်ပါသွားတာတဲ့။ ဘယ်သူဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက စစ်ကား ၇ စီးနဲ့လာရောက်ပြီး အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
ဝင်ရောက်စီးနင်းခံရတဲ့ နေအိမ်ဆိုင်ခန်းဟာ ကုဋေဦးလို့အမည်ပေးထားတဲ့ ကုန်စုံဆိုင်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်ကလည်း မော်ပုံကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတယောက်နဲ့ လူငယ် သုံးယောက်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီနောက်ပိုင်း မော်ပုံရွာမှာ PDF တွေရှိတယ်ဆိုတာကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်း မယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပြီးနောက် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။