ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်နေပြီး တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိလာတယ်လို့ မိုးဗြဲ - PDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့အတွင်း နယ်မြေစိုးမိုးမှု ရရှိရေး အင်အားအများအပြားနဲ့ ကြိုးပမ်း နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်တိုက်ခိုက်နေရတာလို့ ဆိုပါတယ်။
မိုးဗြဲ - PDF မှ တာဝန်ရှိသူက "တိုက်ပွဲဝင်နေတဲ့ ရဲဘော်က ရာနဲ့ချီ ရှိပါတယ်။ ရဲဘော်တဦးရဲ့ ကုန်ကျစရိတ်က တရက်ကို အနည်းဆုံး ၃ သိန်းပါ။ အားလုံးပေါင်းရင် တရက်ကို သိန်း ၃၀၀၀ လောက် ကုန်ကျပါတယ်။ ခဲယမ်းဈေးနှုန်းတွေကို တဆထက် တဆ ပိုတက်လာတယ်။ မဝယ်လို့ လည်း မရတဲ့ အခြေအနေပါ”လို့ ပြောပါတယ်။
ရှေ့တန်းက ရဲဘော်တွေအနေနဲ့ “ကျနော်တို့ကို ကျည်ဆန်ပဲ ဖြည့်ပေးပါ။ အသက်ပေးပြီး တိုက်ပါမယ်” ဆိုတဲ့ တောင်းဆိုမှုနဲ့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက ပြောစရာ မလိုပါဘူးလို့ သူက ဆက်ပြောပါတယ်။
ရဲဘော်တွေအတွက် ကျည်ဆန် လုံလုံလောက်လောက် ဖြည့်ပေးနိုင်ရင် ဒီတော်လှန်ရေးက အမြန်ဆုံးအပြီးသတ်နိုင်သလို ရဲဘော်တွေ ထိခိုက်မှုလည်း နည်းသွားမှာဖြစ်ပြီး လိုအပ်နေတဲ့ ခဲယမ်း ဝယ်ယူဖို့ ငွေကြေးထောက်ပံ့မှု ပေးကြဖို့ တောင်းဆိုချင်ပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပက ထောက်ပို့အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေဘက်က Mobye People Defense Force မှာ မိမိတို့ အဆင်ပြေရာ Kpay ၊ Wave pay ၊ NUG pay နဲ့ စင်ကာပူ ဘဏ်အကောင့်၊ ထိုင်းဘဏ်အကောင့်တွေနဲ့လည်း ဆက်သွယ် ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။