Home
မြန်မာသတင်း
စားအုန်းဆီ တပိဿာ လက်ကားရည်ညွှန်းဈေး အနည်းငယ်ပြန်ဆင်း
DVB
·
September 12, 2022

စက်တင်ဘာလ ၁၂ ရက်နေ့ကနေ  စက်တင်ဘာလ ၁၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တပိဿာ ၄၇၃၀ ကျပ်သတ်မှတ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သတ်မှတ်ခဲ့တဲ့ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးက တပိဿာကို ၅၂၂၀ ကျပ်ဖြစ်ပြီး အခုအပတ်မှာတော့ တပိဿာကို ၄၉၀ ကျပ် လျှော့ချသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကော်မတီက စားအုန်းဆီ လက်ကားရည်ညွှန်းဈေးကို  အခုလို အပတ်စဉ် ထုတ်ပြန်ပေးနေပေမယ့်လည်း  ဈေးကွက်ထဲမှာ  စားသုံးသူတွေ ဝယ်ယူရတဲ့ လက်လီဈေးနှုန်းက လက်ကားဈေးထက် နှစ်ဆဝန်းကျင် မြင့်တက်နေတာပါ။

ရန်ကုန်ဈေးကွက်ထဲမှာ စားအုန်းဆီတပိဿာကို ကျပ် ၉၀၀၀ ဖြစ်နေပြီး၊ ကော်မတီရည်ညွှန်းဈေးနဲ့ ဈေးကွက် ပေါက်ဈေးဟာ တပိဿာကို ကျပ် ၄၀၀၀ ကျော် ကွာဟချက်ရှိနေတယ်။ 

ကော်မတီက စားအုန်းဆီဈေးကို သင့်တင့်တဲ့ဈေးနှုန်းဖြစ်အောင် ထိန်းညှိနေတယ်လို့ ဆိုပေမဲ့ အရင်တပတ်က ကော်မတီ သတ်မှတ်ဈေး  တပိဿာကို  ၅၂၂၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်ထဲမှာ လက်လီဈေး ကျပ် ၁၀၀၀၀ ဝန်းကျင်ထိ ရှိခဲ့ပါတယ်။ 

“ဆီစျေးက အရင်တပတ်ဈေးနဲ့ ယှဉ်ရင်တော့ ၁၀၀၀ လောက်ပြန်ကျသွားတယ်။ အရင်တပတ်က ၁၀၀၀၀၊ ဒီနေ့ ၉၀၀၀ ပေးခဲ့ရတယ်” လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကတော့ စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊  ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ စတဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွား မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက  မြို့နယ်တွေမှာ ဈေးသက်သက်သာသာနဲ့ တိုက်ရိုက် လှည့်လည် ရောင်းချပေးနေပေမဲ့လည်း ရောင်းပေးတဲ့ ပမာဏနည်းပြီး  ဝယ်လိုအားက အဆမတန် များနေလို့ ပြည်သူအများစုအတွက်ကတော့ မထူးခြားလှပါဘူး။

အရင်က တပိဿာကို ကျပ်၂၀၀၀ ကျော်ပဲရှိခဲ့တဲ့ စားအုန်းဆီဈေးနှုန်းဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး  တရိပ်ရိပ်မြင့်တက်လာခဲ့ရာ အခုစက်တင်ဘာလမှာ လက်ကားရည်ညွှန်းဈေး တပိဿာကို ကျပ် ၅၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပြီး၊ လက်လီဈေးနှုန်းက   ကျပ် ၁၀၀၀၀ ဝန်းကျင်ထိ မြင့်တက်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024