ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ၊ စံပြရပ်ကွက်၊ ပြည်တော်သာကန်နားက လမ်းကြားမှာ စက်တင်ဘာ ၁၀ ရက်ညက ပုပ်ပွနေတဲ့ အမျိုးသားအလောင်း တလောင်း တွေ့ရှိခဲ့တယ်လို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုဘုန်းမြတ်ရာဇာကပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်ည ၇ နာရီခွဲ လောက်က အဲဒီလမ်းကြားမှာ ဦးရာဇ်မဂ်လာကားဂိတ်မှာ ညစောင့်အလုပ်လုပ်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးအောင်ထွန်းလင်း သေဆုံးပြီး အပုပ်နံ့ထွက်နေလို့ ဘေးပတ်ဝန်ကျင်က အကူညီတောင်းတာကြောင့် နားရေးကူညီမှုကားနဲ့ သွားရောက်သယ်ယူခဲ့တယ်လို့ သိရပါတယ်။
ကိုဘုန်းမြတ်ရာဇာက “သူ့မှာ မိသားစု ရှိ၊ မရှိတော့ မသိရသေးဘူး။ သူက အဲဒီ အိမ်မှာ တယောက်တည်း နေတာလို့ သိရတယ်။ ကျနော်တို့ ဝင်ကြည့်တော့ မီးလောင်ဒဏ်ရာတွေလို၊ ရေနွေးပူလောင်တဲ့ ဒဏ်ရာလိုမျိုး ခြေထောက်တွေမှာ အရေခွံလန်နေတာ တွေ့ရတယ်။ နဂိုရောဂါ အခံရှိပြီး ဆေးရုံမှာ ဆေးကုသမှုခံထားတဲ့ ဆေးလက်မှတ်တွေတော့ တွေ့ရတယ်” လို့ ပြောပါတယ်။
ကူညီတဲ့အဖွဲ့တွေ အိမ်ထဲကို ဝင်တဲ့အချိန်မှာတော့ PPE ဝတ်စုံ ဝတ်ဆင်တာမျိုး မရှိဘဲ အသင်းဝတ်စုံနဲ့သာ နှာခေါင်းစည် Mask တပ်ပြီးမှ ဝင်ရောက်ခဲ့ကာ ပုဏ္ဏားကျွန်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကိုဘုန်းမြတ်ရာဇာက ဆက်ပြောပါတယ်။
ဦးအောင်ထွန်းလင်း သေဆုံးတာဟာ ကိုဗစ်ရောဂါလား၊ တခြားရောဂါနဲ့လား၊ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်ကိုတော့ ဆေးရုံက ဆရာဝန်တွေ စစ်ဆေးပြီးမှ သိရှိနိုင်မယ်လို့ သိရပါတယ်။
ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းဟာ အရေးပေါ်လူနာတင်ယာဥ်၊ ကျန်းမာရေး၊ လူမှုရေး၊ သာသနာရေး တွေနဲ့ ပတ်သက်လို့ အများပြည်သူကို အကူညီပေးနေတဲ့ အသင်းအဖွဲ့ တခုဖြစ်ပြီး ၂၄ နာရီ ဆက်သွယ်အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။