ရန်ကုန်တိုင်း မြို့နယ်အချို့မှာ နေ့စဥ်စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ လုယက်ခံရမှုများလာတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ဒဂုံမြို့နယ်ကို ဆိုင်ကယ်ကယ်ရီမောင်းနှင်ရာမှာ ငှားစီးသူတဦးက လုယက်မဲ့သူတွေရှိရာ ခေါ်သွားပြီး ရိုက်နှက်လုယက်ခဲ့တယ်လို့ ကယ်ရီသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စက်မှုဇုန်ထဲကို ကယ်ရီငှားပြီး ဟိုရောက်တော့ အသင့်စောင့်နေတဲ့သူနှစ်ဦးက ဆိုင်ကယ်ရပ်တာနဲ့ ပြေးရိုက်တယ်၊ ပြန်လုပ်လို့မရဘူး၊ ဓားတွေနဲ့ ဆိုင်ကယ်ယူသွားတယ်" လို့ ပြောပါတယ်။
ရွှေပြည်သာစက်မှုဇုန်မှာ လစာထုတ်ပြီးပြန်လာတဲ့ စက်ရုံအလုပ်သမားတဦးကို အမည်မသိအမျိုးသားနှစ်ဦးက မျက်နှာကို လက်သီးနဲ့ထိုးကာ ဖုန်းနဲ့လစာငွေကို ယူသွားခဲ့တယ်လို့ အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အိမ်ကဖုန်းလာလို့ ဖုန်းထုတ်ဆက်တာ အရှေတည့်တည့်ကနေ မျက်နှာကို လက်သီးနဲ့ထိုးပြီး ဖုန်းရော လစာပိုက်ဆံရောယူသွားတယ်၊ အဲ့ဒီကောင်မလေးဆို ငိုလိုက်တာ စိတ်ထဲမကောင်းဘူး။"
စက်ရုံအလုပ်ရုံတွေသာမက အလုပ်သွားအလုပ်ပြန် YBS ကားတွေ စီးရာမှာလည်း အုပ်စုဖွဲ့ခါးပိုက်နှိုက်တွေကြောင့် သွားလာရေးခက်ခဲရတယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
"YBS ကားတွေမှာ ခါးပိုက်နှိုက်တာ အုပ်စုဖွဲ့နှိုက်တာ၊ အနည်းဆုံး သုံးယောက်လေးယောက်ရှိတယ်။ မြင်လဲမပြောရဲဘူး၊ သွားကြည့်မိရင်တောင် နှိုက်ပြီးလို့ ဆင်းသွားရင် ဆဲသွားတာ။"
ကယ်ရီသမားတွေ၊ အလုပ်သမားတွေသာမက Taxi ယာဥ်မောင်းတွေဟာ ဓားထောက်လုယက်ခံရတာအပြင် ဓားနဲ့ထိုး လုယက်တာကြောင့် သေဆုံးခဲ့သူတွေလည်းရှိ Taxi ယာဥ်မောင်းတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ကျနော်နဲ့သိတဲ့ ဦးလေးတယောက်ဆို သာကေတတံတားအဆင်းမှာ ဓားနဲ့ထိုးပြီး ဖုန်းတွေလုတာ ဆေးရုံကို ပို့တဲ့အချိန်မှာပဲ သေသွားတယ်။ မိန်းမက ကလေးနှစ်ယောက်နဲ့ကျန်ခဲ့တယ်။"
လုယက်မှုဖြစ်စဥ်များ မကြာခဏဖြစ်နေပေမယ့် ရဲတွေက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ တရားလွှတ်တော်ရှေနေတဦးက ပြောပါတယ်။
"အခုတရားရုံးမှာ ကြည့်လိုက်ရင် လုယက်မှုက နည်းတယ်၊ နိုင်ငံရေးအမှုက များတယ်။ လွတ်ငြိမ်းကိုကြည့်ရင် ဆေးမှုနဲ့လှုယက်မှုက များတယ်" လို့ ရှင်းပြပါတယ်။