Home
မြန်မာသတင်း
မောင်တောရှိ မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းကို အေအေ ဝင်တိုက်
DVB
·
September 9, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းကို စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီလောက်ကစပြီး ရက္ခိုင်တပ်တော် (အေအေ) က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နေတာကြောင့် ရွာသူရွာသားတချို့ စိုးရိမ်ပြီး ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးတိုက်ကျေးရွာသားတယောက်က “ဟုတ်ပါတယ်။ မီးတိုက်ကျေးရွာက နယ်ခြားစောင့်စခန်းကို အေအေ ဝင်တိုက်နေတာပါ။ တိုက်ပွဲက ပြင်းထန်နေပါတယ်။ ကျနော်တို့ ရွာအပြင်ကို ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

ရက္ခိုင်တပ်တော် (အေအေ) က ဘင်္ဂလား-မြန်မာ နယ်ခြားမှတ်တိုင်အမှတ် ၄၀ ကို သြဂုတ် ၃၁ ရက်က သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းတွေကို စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ နေ့စဥ်ရက်ဆက် ရိက္ခာနဲ့ လူအင်အား ဖြည့်တင်း‌ေနတာပါ။

အဲဒီလို အင်အားဖြည့်တင်းရာမှာ ပါဝင်တဲ့ မီးတိုက်ကျေးရွာရှိ နယ်ခြားစောင့်စခန်းကို ဒီနေ့မှာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နေတာကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ အမည်မဖော်လိုတဲ့ မီးတိုက်ကျေးရွာသားတယောက်က ​ဆိုပါတယ်။

“မီးတိုက် နယ်ခြားစောင့်စခန်းမှာ နယ်ခြားစောင့်က ၄၀ လောက်ရှိမယ်။ ဒါပေမဲ့ ရွာအပြင်ဘက်မှာ စစ်တပ်အင်အား ၁၅၀ လောက်ရှိနေတယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်မယ့်အနေအထား ရှိနေတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံစွာ ကြားနေရတယ်။ ရွာသူ ရွာသားတွေက တောစခန်းနဲ့နီးတဲ့ နေအိမ် ၅၀ လောက် ထွက်ပြေးကြရတယ်။ ဝေးတဲ့ နေအိမ်တွေကတော့ အခြေအနေကို စောင့်ကြည့်နေတယ်။”

သြဂုတ် ၂၂ ရက်ကလည်း မီးတိုက်​ကျေးရွာအနီး စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးတယောက် အပါအဝင် အရာရှိ အရာခံ ၅ ယောက်ကို စစ်ရဟတ်ယာဥ်နဲ့ စစ်တွေကို ယူဆောင်သွားခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024