အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စက်တင်ဘာ ၈ ရက်က တမူးမြို့ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ တမူး PDF တပ်ရင်း-၄၊ ပကဖ၊ BSO၊ FRT၊ ABSDF၊ Fighter Police တို့ တမူးမြို့ပြင်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ တမူး PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ မိမိတို့ တမူး PDF တပ်ရင်း ၄ မှ ရဲဘော်တယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိကာ အသေအပျောက် ရှိနိုင်ပေမဲ့ အတိအကျ မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က ရဲဘော်တဦး လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်။ မစိုးရိမ်ရပါဘူး။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနိုင်တယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က လူနာတင်ယာဉ်နှစ်စီး ရောက်လာပြီး ထိခိုက်ကျဆုံးတဲ့ အလောင်းတွေ လာသယ်ဆောင်ကြောင်း ပြောပါတယ်။”
အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့ တမူးမြို့ပြင် ၃ မိုင်ဘက်မှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ် ချထားခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ အထူးသတိပြုသွားလာကြဖို့ တမူး PDF တာဝန်ခံက ဆိုပါတယ်။
လတ်တလော တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီက တမူးမြို့နယ်နဲ့ တမူးမြို့ပေါ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၆ လကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။