ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင်းကို ကံသာကျေးရွာကနေ ဝင်လာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင်တပ်တော် (အေအေ) က စက်တင်ဘာ ၇ ရက် မနက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ မြေပုံမြို့ခံတယောက်က “စစ်ကြောင်းက ကံသာဘက်က တက်လာကြတာ။ နတလရုံးကို ဝင်သွားပြီး နာရီဝက်အတွင်းမှာ ရုံးထဲက မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲတာ၊ အကျအဆုံး တော်တော်များတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
နတလရုံးဟာ မြေပုံမြို့အဝင်ဝရှိ ဌာနဆိုင်ရာ ရုံးအများစု တည်ရှိရာနေရာဖြစ်ပြီး လောင်စာဆီဆိုင်ရှေ့မှာ တည်ရှိကာ မိုင်းပေါက်ကွဲမှုကြောင့် နတလရုံး အဆောက်အအုံ ခေါင်မိုးတွေ ပြိုပျက်သွားပြီး အဲဒီရုံးမှာ ဝန်ထမ်းတွေနေထိုင်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြေပုံမြို့အနှံ့ စစ်တပ်က နေရာယူထားပြီး ဆီဆိုင်တန်းဘက် သွားသူတွေကို တားဆီးစစ်ဆေးနေကြောင်း၊ တမြို့လုံး တိတ်ဆိတ်နေပြီး ဌာနဆိုင်ရာတွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ အထက်လူကြီးတွေက အသိပေးတာတွေ ရှိကြောင်း အမည်မဖော်လိုတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။
“ရုံးတွေအားလုံးပိတ်ပြီး မိမိနေအိမ်ကို ထွက်ပြေးကြတယ်။ ကျောင်းတွေဆိုလည်း ပိတ်ပြီး ကလေးတွေကို အမေ အဖေတွေက အပြေးအလွှား လာယူကြတယ်။ စျေးဆိုင်တွေလည်းပိတ်၊ လမ်းမှာ လူအသွားအလာ လုံးဝမရှိတော့ဘူး။ ဌာနက လူကြီးတွေကတော့ ဝန်ထမ်းတွေကို အဆင်သင့်အနေအထား ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်။”
မိုင်းပေါက်ကွဲမှုကေြာင့် ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားပြီး သေဆုံးသူတွေကိုတော့ စစ်တပ်အခြေစိုက်ရာ မြေပုံရဲစခန်းအတွင်း ထွေအုပ်ကားနဲ့ သယ်ယူသွားတယ်လို့ မျက်မြင် ဒေသခံတွေထံမှ သိရပါတယ်။
လက်ရှိ မြေပုံမြို့နယ် ဝက်ဂေါင်းရွာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မြို့ပေါ်မှာလည်း လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။