Home
ဆောင်းပါး
မတော်လှန်တော့ အေးချမ်းရော့လား
DVB
·
September 7, 2022

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အာဏာကို မတရားသိမ်းခဲ့ပြီးနောက် အကြမ်းမဖက် ဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေက ဆန့်ကျင်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း စစ်ခေါင်းဆောင်တသိုက်ဟာ လက်နက်အားကိုးနဲ့ နိုင်ငံတဝန်းက ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့တဲ့နောက် ပြည်သူလူထုဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ပြောင်းလဲ ရွေးချယ်လိုက်ကြပါတော့တယ်။

ပထမဆုံး လက်နက်ကိုင်တော်လှန်မှုဟာ စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့မှာ အစပြုခဲ့ပြီး သည့်နောက်မှာတော့ ဒေသအသီးသီးမှာ  ‌လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ထွက်လာပါတယ်။ လက်ရှိကာလအထိ ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့မှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေတာပါ။ လက်နက်ကိုင်တော်လှန်ရေး‌ လျော့ပါးနေတဲ့ ဒေသဆိုလို့ ဧရာဝတီနဲ့ ရှမ်းပြည်နယ်ပဲ ရှိတော့တယ်လို့ပဲ ပြောရပါလိမ့်မယ်။ တချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာ ရှိခဲ့ပြီး တိုက်ပွဲတွေ မကြာခဏပေါ်ထွက်ခဲ့တဲ့ ရှမ်းပြည်နယ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြောင်းပြန်အချိုးကျသွားပါတော့တယ်။

တိုက်ပွဲတွေ မဖော်ဆောင်တော့ခြင်းအတွက် ရှမ်းပြည်နယ်မှာ ဆင်ခြေပေးစရာ အကြောင်းအရာမျိုးစုံရှိမှာဖြစ်သလို ဧရာဝတီတိုင်းကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါလိမ့်မယ်။ တော်လှန်ရေး အားကောင်းခြင်း၊ မကောင်းခြင်းဟာ ဒေသခံတွေရဲ့ နိုင်ငံရေးအတွေးအမြင်၊ မြော်မြင်တွေးခေါ်နိုင်စွမ်းတွေနဲ့ သက်ဆိုင်နေတာပါ။ ပြန်လည်ဆန်းစစ်ဖို့  ကောင်းတာကတော့ တော်လှန်ရေးမရှိတဲ့အခါ ဒေသတွင်း အေးချမ်းမှုရနေကြလားဆိုတဲ့ အချက်ပါပဲ။ 

ရှမ်းပြည်နယ်အတွင်းက သတင်းတွေကို အဓိကထား ဖော်ပြတဲ့ Shan News၊ မဲခေါင်နဲ့ တာချီလိတ် သတင်းဌာနတွေမှာ တောင်ကြီးမြို့က ဗိုလ်ချုပ်လမ်းတလျှောက်ကို ယာဉ်ရပ်နားခွင့်မပြု ဖြူနီကြားတွေ သုတ်လိမ်းပြီး ရပ်နားမိတဲ့ယာဉ်တွေကို သုံးသောင်းကနေ ငါးသောင်းကျပ်အထိ စိတ်ထင်သလို ဒဏ်ရိုက်ငွေလို့ အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောင်းယူနေတဲ့အကြောင်း၊ တောင်ကြီးက ခရီးသည်တင်ယာဉ်လိုင်းတွေကို တောင်အောက်က အေးသာယာမြို့သစ်အထိ ရွှေ့ပြောင်းခိုင်းပြီး ယာဉ်လိုင်းခန်းတွေကို အဓမ္မ ဝယ်ယူစေကြောင်း၊ မြို့တွင်းသွား ဆိုင်ကယ်နဲ့ ကားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး ပါးစပ်ထဲပေါ်တဲ့ ဈေးနှုန်းနဲ့ ဒဏ်ရိုက်နေတဲ့အကြောင်းတွေကို ဖတ်ရှုနေရပါတယ်။ ဒါဟာ ရှမ်းပြည်တောင်ပိုင်းက မြို့တော်ကြီးနေ ပြည်သူတွေ နေ့စဉ်ခံစားနေကြရတဲ့ ဒုက္ခတွေပါပဲ။ 

ရှမ်းမြောက်နေသူတွေကတော့ အာဏာသိမ်းပြီးနောက်မှ ပေါ်လာတဲ့ အလောင်းအစား ပွဲတော်ကြီးတွေ၊ လွတ်လပ်စွာ ရောင်းဝယ်လာကြတဲ့ မူးယစ်ဆေးဝါးရောင်းချ သုံးစွဲသူတွေကြောင့် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်တဲ့ဒဏ်တွေကို ခါးစည်းခံနေကြရပါတယ်။  ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့ လမ်းဘေး လက်လီ စက်သုံးဆီရောင်းချကြသူတွေကိုတော့ စစ်ကောင်စီတပ်က လောင်စာဆီဈေး ထိန်းချုပ်ရေးခေါင်းစဉ်နဲ့ ဖမ်းဆီးသိမ်းဆည်း အရေးယူနေတာပါ။ ရှမ်းတောင်၊ ရှမ်းမြောက် ကျေးလက်ဒေသနေသူတွေ တူညီစွာ ရင်ဆိုင်နေရတဲ့ ပြဿနာတရပ်လည်း ရှိနေပါသေးတယ်။ အဲဒါကတော့ စစ်အာဏာရှင်လက်သစ်ကို ဘာတိုက်ခိုက်မှုမှ မပြုလုပ်ခဲ့တဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓမ္မတပ်သားသစ် စုဆောင်းနေတဲ့ ကိစ္စပါ။

ရှမ်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှု၊ အခွန်ကောက်ခံမှုတွေဟာ ဒေသခံတွေအပေါ် ဖိစီးလွန်းလို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကတောင် စက်တင်ဘာ ၂ ရက်က စာထုတ် မေတ္တာရပ်ခံနေရတာကို တွေ့ရပါတယ်။

“ယခုကာလသည် ပြည်တွင်းစီးပွားရေး ကျဆင်းမှု အလုပ်အကိုင်ရှားပါးမှုနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ တိုးပွားလာမှု၊ စစ်ဘေးရှောင်နေကြရမှု၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့ တပ်သားသစ် စုဆောင်းမှုနဲ့ ဘဏ္ဍာရေး အခွန်ကောက်ယူမှုကြောင့် တိုင်းရင်းသားများသည် တိုင်းတပါးသို့ ရွှေ့ပြောင်းသွားကြကြောင်း” လို့  SNDP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် “ထိုသို့ တိုင်းတပါးသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြပါက ပြည်တွင်း လယ်ယာစိုက်ပျိုးရေးလုပ်သား ရှားပါးမှု၊ ပြည်ပသို့ တတ်သိပညာရှင်များ၏ ဦးနှောက်ယိုစီးမှုတို့ကြောင့် နိုင်ငံ့စီးပွားရေး ပိုမိုကျဆင်းစေမည့်အပြင် ပြည်သူ့အခြေပြုအဖွဲ့အစည်း အသီးသီးတို့၏ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးသည်လည်း အလှမ်းဝေးနေမည်” လို့လည်း ထောက်ပြထားတာပါ။ 

ဆီဆိုင်မြို့နေသူတစ်ဦးက “အခုက TNLA ၊ RCSS တို့က တပ်သားသစ်တွေ လိုက်တောင်းနေတယ်၊ သူတို့တပ်အတွက်လိုလို့စုတာ မဟုတ်ဘဲ မင်းအောင်လှိုင်တပ်ကို စစ်သားသစ် ပြန်ရောင်းဖို့လည်း ဖြစ်နိုင်တယ်လို့ ရပ်ထဲရွာထဲက သုံးသပ်နေကြတာ၊ သူတို့က ငြိမ်းချမ်းရေးယူပြီးရင် ဟို ဘာခေါ်လဲ၊ BGF လား အဲဒါလုပ်ရမယ်ဆို၊ နောက်ပြီး မင်းအောင်လှိုင်တပ်နဲ့ ပေါင်းရမယ်ဆိုတော့ မြန်မာစစ်တပ်ဆီ ရောင်းစားမယ့်သဘောပေါ့၊ ရွာတွေမှာ လူငယ်တွေက သိပ်မရှိတော့ဘူး၊ တရုတ်နဲ့ ထိုင်းဘက်ကို သွားအလုပ်လုပ်နေကြတာ” လို့ သူ ကြားသိထားရသမျှကို  ပြောပါတယ်။ 

ဒါဟာ လက်နက်ကိုင်အဖွဲ့များစွာရှိပေမဲ့ တိုက်ပွဲဖော်ခြင်းမရှိတော့တဲ့ ရှမ်းပြည်နယ်ထဲက ဒေသခံလူထု ကြုံတွေ့နေရတဲ့ ပစ္စက္ခအခြေအနေမှန်ပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အားလျော့တယ်လို့ ပြောကြတဲ့ ဧရာဝတီတိုင်းဘက်ကို ကြည့်ရင်တော့ စစ်ကောင်စီတပ်ကို ဆက်ကြေးပေးထားတဲ့ လောင်းကစားဝိုင်းတွေ နယ်အသီးသီးမှာ ဟည်းထနေတာကို မြင်တွေ့ကြရမှာပါ။ အကျိုးဆက်ကတော့ ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကိုပဲ သာဓကပြရပါလိမ့်မယ်။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ဒယ်ကုန်းကျေးရွာအနီးမှာ Non-CDM အလယ်တန်းပြဆရာမတဦးရဲ့ ဖုန်းနဲ့ဆိုင်ကယ်ကို လူနှစ်ဦးက ဓားပြတိုက် လုယူသွားတာပါ။ 

စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ဒုစရိုက်သမားကလွဲရင် ငြိမ်ဝပ်ပိပြားနေတဲ့ ဧရာဝတီတိုင်းထဲက ၂၆ မြို့နယ်က ဈေးသည်တွေကို ကြွပ်ကြွပ်အိတ်သုံးမသုံးစေဘဲ ဖက်နဲ့ထုပ်ကြဖို့ ဩဇာပေးနေပါတယ်။ သားငါးထုပ်ပိုးရာမှာ သွေးစက်စက်ယိုစိမ့်မှုနဲ့ အစေ့အဆံထွက်ကျမှုတွေကြောင့် ဈေးသည်၊ ဈေးဝယ်တွေရဲ့ ညည်းတွားသံတွေဟာ အွန်လိုင်းအပေါ်ထိ လွင့်ပျံ့လာတာပါ။ မှားလည်းခံ၊ မှန်လည်းခံ၊ ခံလက်စနဲ့ ခံ ဆိုတဲ့ အဆိုတော်ကျားပေါက်ရဲ့ သီချင်းတပိုင်းတစကိုတောင် အမှတ်ရစေပါတယ်။

“ကျနော်တို့ဒေသက ရွာတချို့ မီးရှို့ခံရတာတော့ မှန်တယ်၊ ဒါပေမဲ့ ကျန်တဲ့မြို့ရွာတွေမှာ အခွန်အခတွေတော့ မပေးရတော့ဘူး၊ စည်ပင်ခွန်၊ ရေခွန်၊ မီးခွန်၊ ကညနအခွန်၊ ရောင်းခွန်၊ ဝယ်ခွန်တွေ မပေးရတော့ဘူး၊ မပေးရတော့ဘူးဆိုတာက လာမကောက်ရဲတာလေ၊ လာကောက်ရင်လည်း ဒေသကာကွယ်ရေးအဖွဲ့တွေက ဆော်လွှတ်တာဆိုတော့ အခုဆို မလာရဲကြတော့ဘူး" လို့ မကွေးတိုင်း၊ မြိုင်မြို့သားတဦးက ဆိုပါတယ်။

နိုင်ငံအာဏာကို  မတရားသိမ်းယူထားတဲ့ စစ်ကောင်စီကို တော်လှန်ခြင်း၊ မတော်လှန်ခြင်းဆိုတာဟာ ဒေသခံတွေရဲ့ နိုင်ငံရေးရေချိန် အနိမ့်အမြင့်အပေါ် မူတည်သလို “မတော်လှန်တော့ အေးချမ်းရော့လား” ဆိုတဲ့အချက်ကိုလည်း ဒေသခံလူထုကပဲ ပြန်လည်သုံးသပ်ကြရမှာ ဖြစ်ကြောင်းပါခင်ဗျား။ 

စိုင်းမင်းအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024